မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို သက်တမ်းတိုးလိုက်တယ်ဆိုပေမယ့် အမေရိကန် ကုမ္မဏီတွေ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတာ လွယ်ကူပြီး အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြုပ်နှံမှုကို မြှင့်တင်ပေးနိုင်ဖို့ အတွက် အကန့်အသတ်တွေကို လျော့ပေးတာမျိုးတွေ ရှိလာမယ်လို့ အမေရိကန် စီးပွားရေးအသိုင်းအဝိုင်းက မျှော်လင့်ထားပါတယ်။ အပြည့်အစုံကို ကိုရဲခေါင်က တင်ပြပါလိမ့်မယ်။
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို သက်တမ်းတိုးမယ့် ကြေညာချက်၊ ထုတ်ပြန်ဖို့ ရှိနေပြီး တစ်ချိန်တည်းမှာလက်ရှိ ချမှတ်ထားတဲ့ အတားအဆီးအချို့ကို လျော့ပေါ့ပေးသွားဖို့ ရှိနေတယ်လို့ အမေရိကန် လွှတ်တော်အမတ်နဲ့ တာဝန်ရှိသူအချို့ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါတယ်။
အာဆီယံ နိုင်ငံတွေမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန် လုပ်ငန်းရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဝါရှင်တန် ဒီစီအခြေစိုက် US Asean Business Council က တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားရေး ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ်မတိုင်ခင် ထုတ်ပြန်မယ့် ကြေငြာချက်မှာ ပစ်မှတ်ထား အရေးယူထားတဲ့ တသီးပုဂ္ဂလနဲ့ ကုမ္မဏီတွေရဲ့ SDN စာရင်းကို လျော့ပေးတာမျိုး အပါအဝင် ဖြေလျော့ပေးတာမျိုးတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
”ပိတ်ဆို့အရေးယူမှုတွေကို တစ်ဆင့်ပြီး၊ တစ်ဆင့် ဖြေလျှော့ပေးသွားမယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်တာကတော့ SDN စာရင်းထဲမှာ ပါတဲ့ လူနဲ့ အဖွဲ့အစည်း အချို့ကို လျှော့ချပေးတာမျိုး လုပ်နိုင်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းတွေကနေ ကုန်ပစ္စည်းတွေ တင်ပို့၊ တင်သွင်းလို့ ရအောင် ခွင့်ပြုပေးထားတဲ့ GL20 လိုမျိုး ခွင့်ပြုချက်တွေကို သက်တမ်းတိုးပေးမယ် လို့လည်း မျှော်လင့်ပါတယ်။ ဒါ့အပြင် ချထားတဲ့ အတားအဆီးတွေထဲမှာ အမေရိကန် ကုမ္ပဏီ တွေကို ကုန်ကျစရိတ် ပိုများစေတဲ့ အတားအဆီးအချို့ကိုလဲ ဖယ်ရှားပေးမယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန် လုပ်ငန်းတွေဟာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ ကုမ္ပဏီတွေနဲ့ တွဲပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ အတူအလုပ်လ ုပ်မယ့် ပါတနာ ကုမ္ပဏီဟာ SDN စာရင်းထဲမှာ ပါတဲ့သူတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်မှု ရှိမရှိကို စုံစမ်းစစ်ဆေးနေရတာကြောင့် အချိန်ကြာပြီး၊ အပို ကုန်ကျစရိတ် တွေ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ SDN စာရင်းနဲ့ မငြိစွန်းတဲ့ ပါတနာ ကုမ္ပဏီကို ရှာဖွေရာမှာ လွယ်ကူအောင် လုပ်ပေးမယ့် ဖြေလျော့မှုတွေ ဖြစ်ဖို့ လည်း မျှော်လင့်နေပါတယ်။”
ပြီးခဲ့တဲ့ ဂျူလိုင်လက အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါဝင်တဲ့ အေရှားဝေါ အုပ်စု ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အေရှားဝေါ ဆိပ်ကမ်းဟာ မြန်မာနိုင်ငံမှာ ခေတ်အမှီဆုံးနဲ့ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး ကွန်တိန်နာ ဆိပ်ကမ်းဖြစ်တဲ့အတွက် အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ ဒီဆိပ်ကမ်းကို မသုံးပဲ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖို့ အလွန် အခက်တွေ့နေတယ်လို့ အမေရိကန် လုပ်ငန်းရှင်တွေက တောင်းဆိုခဲ့တဲ့အတွက်၊အမေရိကန် နိုင်ငံမှာ အကြီးဆုံး ဘဏ်လုပ်ငန်းရှင်အသင်းနှစ်ခုက ဦးဆောင်ပြီး ပိတ်ဆို့အရေးယူမှု စည်းမျဉ်းတွေကိုမချိုးဖောက်ပဲ အေးရှားဝေါ ဆိပ်ကမ်းကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ အမေရိကန် အစိုးရဆီကို တောင်းဆိုခဲ့ပါတယ်။
အဲဒီအခက်အခဲကို ပြေလည်စေဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာနိုင်ငံက ဆိပ်ကမ်းနဲ့ လေဆိပ်အားလုံးကို အသုံးပြုပြီး ကုန်ပစ္စည်းတင်ပို့ဖို့ ၆လ ခွင့်ြ့ပု ေျကြာင်း အမေရိကန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီတွေ မြန်မာဆိပ်ကမ်းတွေကဆင့် ကုန်ပစ္စည်း တင်ပို့လို့ရအောင် တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ အမေရိကန် ဘဏ်လုပ်ငန်း ရှင်များ အဖွဲ့ (BAFT) က အမှုဆောင်အရာရှိချုပ် Tod Burwell က ဗွီအိုအေကို အခုလို ပြောပါတယ်။
“အစိုးရက အမေရိကန် ကုမ္ပဏီတွေကို မြန်မာဆိပ်ကမ်းတွေ ကနေ ကုန်ပစ္စည်းတင်ပို့ ခွင့် ပေးလိုက်တာ ယာယီဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စပြီး၊ လာမယ့် ဂျွန်လမှာ သက်တမ်းကုန်မှာပါ။ အဲဒီ ခွင့်ပြုချက်ကို သက်တမ်းတိုးရင်တိုး၊ မတိုးရင်လည်း ကြေငြာချက် အသစ် ထုတ်ပြန်ပေးမှ ဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ပြင်ဆင်ထုတ်ပြန် မယ့် ကြေငြာချက်ကို စောင့်မျှော်နေပါတယ်။ ဖြစ်လာတဲ့ အပြောင်းအလဲတွေနဲ့ ပက်သက်ပြီး မျက်ခြေမပြတ်ဖို့ အမေရိကန် လုပ်ငန်းရှင် အသိုင်းအဝိုင်းကို သတိပေးနေ ပါတယ်။”
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ အမေရိကန် ကုမ္ပဏီတွေ အတွက်လည်းဝန်ထုပ်ဝန်ပိုးဖြစ်နေရတဲ့ အကြောင်း US Asean Business Council က တာဝန်ရှိသူက ပြောပါတယ်။ အရင် အစိုးရကို ပစ်မှတ်ထားပြီး ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် SDN စာရင်းထဲမှာ ပါတဲ့ သူတွေနဲ့ ဖက်စပ်ပြီး အလုပ်လုပ်လို့ မရတာကြောင့်လဲ ရင်းနှီးမြုပ်နှံရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်က Office of Foreign Assets Control (OFAC) ဌာနခွဲက ထုတ်ပြန်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု (SDN) စာရင်းမှာ မြန်မာနိုင်ငံမှာ အကြီးဆုံး စီးပွားရေး လုပ်ငန်းများ အပါအဝင် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်ပါဝင် ပါတယ်။
အခု ပိတ်ဆို့မှုကို သက်တမ်းတိုးတယ်ဆိုရင်တောင် ပစ်မှတ်ထား ပိတ်ဆို့ ထားသူ တွေရဲ့ စာရင်း လျော့သွားမယ် ဆိုရင် အမေရိကန်ကုမ္မဏီတွေအတွက် စီးပွားရေး လုပ်ကိုင်ဖို့ အထောက်အကူ ပြုလာနိုင်တယ်ဆိုပြီး ခန့်မှန်းထား ကြတာဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်ချက် lhttp://burmese.voanews.com/a/us-burma/3334357.html