မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ကချင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ၂ ဘက် ယုံကြည်မှု လစ်ဟင်းနေတာကြောင့်လို့ သုံးသပ်လိုက်ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းကြဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ကူညီရေးနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးမှာ ခွဲခြား ဆက်ဆံတာတွေ မလုပ်စေလိုကြောင်းလည်း ထောက်ပြလိုက်ပါတယ်။ ဒီနှစ်အတွင်း ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း အမေရိကန်ပြည်ထောင်စုက ပွင့်လင်းမြင်သာစွာ အကူအညီပေးဖို့ရှိ တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက ဆက်ပြောပြပေးပါမယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး မကြာမှီမှာပဲ ဖားကန့်ဒေသက တိုက်ပွဲသတင်းကြားရလို့ စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းပြောရင်း လက်ရှိ ပဋိပက္ခ အခြေအနေကို အခုလို သုံးသပ်လိုက်ပါတယ်။
“ကချင်ပြည်နယ်မှာ ရိုးရာပွဲတခု ကျင်းပပြီး မကြာခင် လွန်ခဲ့တဲ့ ၂ ရက် အတွင်းဖြစ်ခဲ့တဲ့ ကိစ္စမှာ ဘယ်ဘက်က မှားတယ်၊ မှန်တယ် မပြောဘဲနဲ့ ကျနော်တို့ တကယ် သိသိသာသာ တွေ့မြင်ချင်တာကတော့ လူတွေ တိုက်ခိုက်ကြရင်း သေဆုံး ထိခိုက်ရတာတွေ အဆုံးသတ်စေချင် တာဘဲဖြစ်ပါတယ်။ နှစ်ဘက်ကြား ယုံကြည်မှု လစ်ဟင်းနေတာကြောင့် ဒီလို တင်းမာမှုတွေ တိုးလာတာကို မအံ့သြမိပါဘူး။ ကချင်ပြည်နယ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတိုင်းလိုလိုဟာ ငြိမ်းချမ်းရေးကို အဖြစ်နိုင်ဆုံးနဲ့ အမြန်ဆုံး လေးလေးနက်နက် လိုချင်နေကြတယ် ဆိုတာ ကျနော်တို့ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ စစ်တိုက်ပြီးမှရတဲ့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ တရားမျှတတဲ့ငြိမ်းချမ်းရေး၊ မှန်ကန်သင့်တော်တဲ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး၊ နှစ်ပေါင်းများစွာ ဒုက္ခတွေခံစားခဲ့ကြတဲ့လူထုအတွက် သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ရပါမယ်။ ဒါကြောင့် ပဋိပက္ခ အဆုံးသတ်ရေး နှစ်ဘက် သဘောတူညီမှုရအောင် အစိုးရက စေ့စပ်ကြိုးပမ်းနေတာကို မိတ်ဆွေဖြစ်တဲ့ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး အားပေးနေတာဖြစ်ပါတယ်။ အဲဒီ့ကနေနိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးနေပါတယ်။"
ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ ဒုတိယအကြိမ်မြောက် အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲကို နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ရာမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောပါတယ်။ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေနိုင်ခဲ့တယ်လို့ အခုလို ဆိုပါတယ်။
"ဒီကိစ္စဟာ နိုင်ငံရေးအရ သိပ်ကို ရှုတ်ထွေးတယ်ဆိုတာ ကျနော်ပြောဖို့လိုမယ် မထင်ပါဘူး။ အခုလောလောဆယ် နိုင်ငံရေးအရ ဘယ်လို ရေစီးကြောင်းတွေ ပြောင်းလဲနေသလဲ ဆိုတာနဲ့ ဒီကိစ္စ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကိုလည်း ပြောဖို့မလိုပါဘူး။ အချုပ်အခြာ အာဏာပိုင်တဲ့ အစိုးရတရပ် အတွက် နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုလည်း ကျနော်တို့က ချမှတ်ပေးလို့ မရသလို ကျနော်တို့ပြောရမယ့်နေရာလည်း မဟုတ်ပါဘူး။ ကျနော်တို့လုပ်နိုင်တာ အားလုံးကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ဘဲဖြစ်ပါတယ်။ ကမ္ဘာတဝန်းက တခြားနေရာတွေမှာလို ကျနော်တို့နိုင်ငံမှာလည်း အစွန်းရောက်တာတွေ၊ အကြမ်းဖက်မှုတွေစတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ပေါ်အခြေခံပြီး အကြံပေးနိုင်ပါတယ်။"
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြံပြုချက်တွေနဲ့ အတူ အခုလိုတိုက်တွန်းခဲ့တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။
“ချက်ချင်းလုပ်ပေးဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ အချက် ၃ ချက်ကိုထောက်ပြနိုင်ခဲ့ပါတယ်။ နံပါတ် ၁ ကတော့ အကူအညီလိုအပ်နေတဲ့ သူတွေဆီ အကန့်အသတ်မရှိ စာနာမှု အကူအညီတွေပေးပို့နိုင်ရေးဖြစ်ပါတယ်။ ဒီ သီတင်းပတ်အတွင်း လူသားချင်းစာနာမှု ကူညီရေးအဖွဲ့တွေကို ဒုက္ခသည်တွေဆီ သွားလာခွင့်ပေးခဲ့တဲ့ အတွက် ကြိုဆိုပါတယ်။ နောက်ထပ်လည်း ခွင့်ပြုလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံမဲ့ ဒုက္ခသည်တွေကို စခန်းတွေမှာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး နိုင်ငံကနေနှင်ထုတ်ထားတဲ့ အစီအစဉ်ပြန်လည် စဉ်းစားဖို့ဖြစ်ပါတယ်။ တတိယအချက် ကတော့ နိုင်ငံသားအဖြစ် သတ်မှတ်တဲ့နေရာမှာ လူမျိုးဘာသာ ခွဲခြားတာတွေ မလုပ်စေလိုဘဲ၊ သူတို့ရဲ့ လူမျိုးနဲ့ ဘာသာကို ဖေါ်ပြဖို့ မလိုဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေးစတဲ့ အချက်တွေဘဲဖြစ်ပါတယ်။"
ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ အထမြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပံ့ပိုး အကူအညီပေးနေတဲ့ အကြောင်း နဲ့ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်ပေးနေတဲ့ အမေရိကန် သံအမတ်ကြီး Derek Mitchell က အခုလိုပြောပြပါတယ်။
“မြန်မာနိုင်ငံမှာရှိကြတဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ ကျနော်တို့ ပူးပေါင်းပြီး သိပ်ကို ရှုတ်ထွေးလှတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးနိုင်ဖို့ ထဲထဲဝင်ဝင် ညှိနှိုင်းဆောင်ရွက်နေတာ ၆ လ လောက်ရှိပါပြီ။ ထဲထဲဝင်ဝင် ဆိုတဲ့နေရာမှာ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေ၊ နိုင်ငံရေးပါတီတွေ၊ CSOs လူထုခြေပြုအဖွဲ့အစည်းတွေကို မဲဆန္ဒရှင် မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲ အသိပညာပေး တာတွေဆောင်ရွက်နေ ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ အကဲခတ်လေ့လာရေး ဆောင်ရွက်နိုင်ဖို့လည်း ပါဝင်ပါတယ်။ ဒီနေ့မနက်မှာဘဲ ကျနော်တို့ဘာတွေလုပ်နေသလဲဆိုတဲ့ သတင်းအချက်အလက်တွေ အားလုံးကို စုစည်းပြီး ပွင့်လင်းမြင်သာအောင် ရုံးတွင်း ဆွေးနွေးခဲ့ကြပါသေးတယ်။ USAID ကနေ ရွေးကောက်ပွဲဆိုင်ရာ နည်းပညာပံပိုးမှုကအစ တတ်နိုင်တဲ့ဘက်က ပွင့်ပွင့်လင်းလင်း ကူညီနေပါတယ်။”
နေပြည်တော်မှာ ဇန်နဝါရီလ ၁၄ နဲ့ ၁၅ရက် နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲ မှာ နိုင်ငံရေးအကျဉ်းသားတွေ အရေး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးခွဲ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအခြေအနေ မြေယာအရေး ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး IDP ခေါ် အခြေအနေမဲ့ ဒုက္ခသည်တွေ အရေးနဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး မှာ နိုင်ငံတကာဥပဒေတွေနဲ့ အညီ ပြန်လည်သုံးသပ်ရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။