သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ မူူကြမ်းများ ကိစ္စ ကန် သံအမတ် မေးမြန်းဆွေးနွေး


နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူး သံအမတ်ကြီး Catherine Russell။
နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူး သံအမတ်ကြီး Catherine Russell။

မြန်မာနိုင်ငံမှာရောက်နေတဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူး သံအမတ်ကြီး Catherine Russell ဟာ လူ့အခွင့်အရေး အဖွဲ့တွေ ဝေဖန်နေ တဲ့ မျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးမေးမြန်း သလို မြန်မာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အတားအဆီး စိန်ခေါ်ချက် ဆိုင်ရာ အခြေအနေတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း
နားထောင်ခဲ့ပါတယ်။ သီတင်း တပတ်ကျော်ကြာမယ့် ခရီးစဉ်အတွင်း သံအမတ်ကြီး Russell ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေက အမျိုးသားသမီးရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံ မေးမြန်း ဆွေးနွေးခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူး သံအမတ်ကြီး Catherine Russell ဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေမှာ အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ် လို့ ဝေဖန်ခံနေရပြီး နိုင်ငံတကာက စောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ မူကြမ်းနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေး မေးမြန်းတာတွေ ရှိခဲ့တယ်လို့ မနေ့က အထူးသံအမတ်ကြီး ရက်ဆဲလ် နဲ့ တွေ့ဆုံခဲ့တဲ့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပြပါတယ်။

"ကျနော်တို့အနေနဲ့ တင်ပြထားတဲ့ အချက်ထဲမှာ ဒီလိုမျိုး အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးဆိုပြီးတော့ အကြောင်းပြပြီးလုပ်ဆောင်တဲ့အချိန်မှာ အမျိုးသမီးအပေါ် သက်ရောက်မှု ရှိစေသော၊ အထူးသဖြင့် သူတို့အပေါ်မှာ ဆိုးကျိုး သက်ရောက်မှုရှိစေတဲ့ ဥပဒေအကြောင်း ကျနော်တို့ တင်ပြတယ်။ နောက်တခု ကတော့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ သဘောမတူနိုင်လို့ လှုပ်ရှားကြတဲ့ အဖွဲ့တွေ အထူးသဖြင့် အမျိုးသမီးအဖွဲ့တွေအပေါ်မှာ ဘယ်လိုခြိမ်းခြောက်မှုရှိ တယ်ဆိုတာ ဖော်ပြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေတင် မကပဲနဲ့ အယူအဆပိုင်း ဆိုင်ရာတွေမှာပါ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုရှိနေတယ် ဆိုတာတွေ ကျနော်တို့ တင်ပြတယ်။ နောက်ဆုံး ထောက်ပြတဲ့အချက်ကတော့ တရားဥပဒေ စိုးမိုးရေး မရှိတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှု ခံနေရတဲ့ကိစ္စ၊ ကျူးလွန်တဲ့သူတွေ ချိုးဖောက်တဲ့သူတွေက အခုအချိန်အထိ ထိုက်သင့်တဲ့ အရေးယူမှု မရှိပဲနဲ့ အပြစ်က လွတ်နေခြင်း ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ အမျိုးသမီးတွေ ဘဝ မလုံခြုံခြင်း၊ အကြမ်းဖက်မှုခံနေရခြင်း ဒီအချက်တွေကို ကျနော်တို့ တင်ပြခဲ့တာဖြစ်ပါတယ်။"

Triangle Women အဖွဲ့က မခင်လေးကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ နည်းပါးအောင် ကြိုးပမ်းရာမှာ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုအပ်နေတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

"ဒီအမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ ရှေ့လျောက် ဒီ့ထက်လျော့ နည်းအောင် ပပျောက်အောင် လုပ်မယ်ဆိုရင် သူတို့အနေနဲ့ ဘာတွေ လုပ်ပေးဖို့ လိုသလဲပေါ့။ ဒါတွေ ဆွေးနွေးတာပေါ့နော်။ ကျမတို့ဘက်ကလည်း လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို ပြန်ဆွေးနွေးပြီးတော့ အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အနေနဲ့ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံ ရတဲ့ဟာကို လောလောဆယ် ကျမတို့က အသိပညာပေးလုပ်ငန်းတွေ လုပ်နေတယ်။ ဒါပေမဲ့ အသိပညာပေးရုံနဲ့ မလုံလောက်ပဲ တကယ်ဖြစ်လာလို့ရှိရင် တိုင်ကြားရမယ့် စနစ်တွေကလည်း အခက်ခဲဖြစ်စေတယ်။ လက်ရှိ တရားဥပဒေ စီရင်ရေးမှာလည်းပေါ့နော် တကယ်ကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တာမျိုးတွေ မရှိပဲနဲ့ ကြန့်ကြာမှုတွေရှိနေတယ်။ ဒါတွေကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေး ရင်တော့ ကောင်းမယ် ဆိုတာမျိုး ပြောဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတယ်ဆိုပေမဲ့ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာတော့ ပြောင်းလဲ တိုးတက် လာခြင်း မရှိဘဲ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုပြီး ဆိုးလာနေတာကို အထူး သံအမတ်ကြီး Russell သေသေချာချာ နားလည်ဖို့ လိုတာကြောင့် ခုလို တွေ့ဆုံမှုတွေက အရေးပါတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

" သူ့အနေနဲ့ မြန်မာပြည်အကြောင်းကို လေ့လာထားပေမဲ့ တကယ်တမ်း ကြုံတွေ့ရတဲ့ အကြောင်းတွေကို လုပ်ဆောင်နေတဲ့ သူတွေနဲ့တွေ့ဆုံခြင်းဟာ မနေ့က ကျနော်တို့ ပထမဆုံးဖြစ်တယ်လို့ ပြောပါတယ်။ အဲ့တော့ စာတွေ့မဟုတ်ပဲ လက်တွေ့မှာဖြစ်နေတဲ့ အကြောင်းအရာတွေ ကျနော်တို့ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေ ကျနော်တို့ ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းအရာကို မျက်နှာခြင်းဆိုင် သိရှိရခြင်းက သူ့အတွက်လည်း အကျိုးရှိသလို ကျနော်တို့လည်း အကျိုးရှိပါတယ်။"

နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူး သံအမတ်ကြီး Catherine Russell ဟာ မေလ ၁၁ ရက်နေ့ ကစလို့ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံ မှာ ရောက်ရှိနေတာပါ။ ၂၀၁၃ ခုနှစ် သြဂုတ်လမှာ အမျိုးသမီးရေးရာ အထူး သံအမတ်အဖြစ် တာဝန် စတင်ထမ်းဆောင်ခဲ့ပြီးတော့ ဒီရာထူးနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အရေးပါလှသလို၊ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အမြန်ဆုံး ဖြေရှင်းကိုင်တွယ် သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာ နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး ရက်ဆဲလ်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

XS
SM
MD
LG