သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား Manbij မြို့တိုက်ခိုက်မှု အမေရိကန် ၄ ဦး သေဆုံး


ဆီးရီးယားနိုင်ငံမြောက်ပိုင်း Manbij မြို့က စားသောက်ဆိုင် တဆိုင်ရှေ့မှာ အသေခံဗုံးခွဲသမားတဦးရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့တွေ ဆီးရီးယားကနေ ပြန်လည်ရုပ်သိမ်းတဲ့အခါ ကြုံရမယ့် အလားအလာတွေ အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။

IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ကတော့ မနေ့တုန်းက တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ချက်ခြင်းဆိုသလို ကြေညာခဲ့သလို၊ တိုက်ခိုက်သူဟာ ဆီးရီးယားနိုင်ငံသား အဖွဲ့ဝင်တဦးဖြစ်ပြီး ကင်းလှည့်နေတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းလည်း Manbij မြို့က ဆရာဝန်တွေက ဗွီအိုအေကို ပြောပါတယ်။

ဒဏ်ရာရသူတွေကို အိမ်နီးချင်း အီရတ်နိုင်ငံက ဆေးခန်းတွေကို ပို့ဆောင်ခဲ့ကြောင်းလည်း အမေရိကန်က ထောက်ခံမှုပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစုအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ ပေါက်ကွဲမှုအတွင်း အရပ်သားဝန်ထမ်းတဦးနဲ့ ကာကွယ်ရေးဌာန ကန်ထရိုက်ဝန်ထမ်း တဦးတို့ သေဆုံးခဲ့ကြောင်းလည်း အမေရိကန်စစ်တပ်က မနေ့နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေ ပုံမှန်ကင်းလှည့်နေချိန် တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်းလည်း အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုဖြစ်ရာ နေရာက ဗွီဒီယိုတွေ ဓာတ်ပုံတွေမှာတော့ အလောင်းတွေ ပြန့်ကျဲနေတာတွေ၊ သွေးတွေ ပေကျံနေတဲ့ နံရံတွေကို တွေ့ရပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာဟာ အမေရိကန်နဲ့ ညွန့်ပေါင်း မဟာမိတ်တွေ ဆုံလေ့ရှိတဲ့နေရာ ဖြစ်ကြောင်းလည်း အခင်းဖြစ်ရာနေရာက ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG