မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမြေ အားလုံးထဲမှာ မြေနုကျွန်း စိုက်ပျိုးမြေ အကျယ်အဝန်းဟာ ရာခိုင်နှုန်းနည်းနည်းလေးပဲ ရှိပေမယ့် အဂတိလိုက်စားမှု ၊ အငြင်းပွားမှု နဲ့ ရာဇဝတ်မှုတွေကတော့ အများဆုံး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ တရားဥပဒေကလည်း ရှင်းရှင်းလင်းလင်းမရှိတဲ့အပြင် သက်ဆိုင်ရာက အချိန်တိုနဲ့ မဖြေရှင်းပေးတဲ့အတွက် ဒီပြဿနာက အသက်ပါဆုံးရှုံးတဲ့အထိ ကျေးရွာတွေ နှစ်စဉ်ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီသီတင်းပတ် မြေကြီးသြဇာအစီအစဉ်မှာ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
မြစ်တွေ ၊ ချောင်းတွေ မိုးရာသီကုန်လို့ နွေရာသီအရောက် ရေကျသွားတဲ့အခါမှာ တချို့မြေဘေး ၊ ချောင်းဘေး ဒေသတွေမှာ မြေနုကျွန်းတွေ ပေါ်ပေါက်လာကြပါတယ်။ တပြိုင်တည်းမှာပဲ မြေနုကျွန်းပေါ်မှာ စိုက်ပျိုးဖို့အတွက် ပိုင်ဆိုင်မှု ပြဿနာတွေကလည်း ဆက်တိုက် ဖြစ်လာကြပါတယ်။ မြေနုကျွန်း ခွဲဝေရေး သတ်မှတ်ချက်ထဲမှာ အနီးဆုံးကျေးရွာက အဓိက ပိုင်ဆိုင်တာဖြစ်ပါတယ်။ အတိအကျဆိုရရင် မြေနုကျွန်းနဲ့ ကျေးရွာရဲ့ ခြံစည်းရိုး အနီးဆုံးကျေးရွာကို ပထမဆုံး ခွဲဝေပေးတာဖြစ်ပါတယ်။ အဲဒီလို ခွဲဝေပေးရာမှာလည်း ကျေးရွာအတွင်းက ပုံမှန်လုပ်ကိုင်တဲ့ စိုက်ပျိုးလယ်ယာမြေ မရှိသူတွေထဲက အဆင်းရဲဆုံးနဲ့ လယ်ယာ စားရင်းငှား လုပ်သားတွေကို ရွေးချယ်ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလို ဝေငှကြရာမှာလည်း အကြမ်းဖျင်း တဧက အောက်ကိုပဲ ဝေငှကြရပြီး ကျန်နေတဲ့ မြေနုကျွန်းစိုက်ပျိုးမြေကို ဒုတိယ အနီးဆုံး ကျေးရွာကို ထပ်မံ ခွဲဝေပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါက ဥပဒေ သတ်မှတ်ချက်ဖြစ်ပေမယ့်လည်း မြေနုကျွန်းဟာ နှစ်စဉ် ပေါ်နေကျနေရာ မတူတာ၊ ပေါ်လာတဲ့ အကျယ်အဝန်း မတူတာ ၊ ပေါ်လာတဲ့ ပုံသဏ္ဍာန် မတူတာတွေကြောင့် အထူးသဖြင့် ကျေးရွာအချင်းချင်း မြေလုကြတဲ့ ပဋိပက္ခတွေဟာ ရာဇဝတ်မှုတွေအဖြစ် နှစ်စဉ်လိုလိုဖြစ်နေကြပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး မြေလတ်ဒေသမှာ တောင်သူလယ်သမားအရေး ဥပဒေတွေကို ပညာပေး သင်တန်းပို့ချပေးနေသူတဦးက အခုလိုရှင်းပြပါတယ်။
"အဓိက မြေနုကျွန်း ပြသာနာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဥပဒေရဲ့ပြဌာန်းမှု မပြည့်စုံလိုပါ။ မြေနုကျွန်းနဲ့ အနီးဆုံး ကျေးရွာကို ချထားပေးရမယ်လို့ ဆိုထားတာကို။ ပြဿနာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက အဲဒါပါ။ ဟိုဖက် မြစ်ကမ်းပါးက ပြိုတယ်ဗျာ။ ပြိုတဲ့အတွက် ဟိုဖက်ရွာက မြစ်ကမ်းဘေးက လယ်ယာမြေတွေ ဆုံးရှုံးသွားတယ်။ ဒါပေမယ့် ဟိုဖက်မှာ မြေပြိုရင် ဒီဖက်မှာ သောင်ထွန်းတာ ။ မြေနုကျွန်း ကို ခွဲတဲ့အခါမှာ အနီးဆုံး ကျေးရွာလို့ သတ်မှတ်လိုက်တဲ့အတွက် ဟိုဖက်က ရွာက မြစ်ကမ်းပါးပြိုတဲ့အတွက် လယ်ယာမြေ ဆုံးရှုံးတဲ့အပြင်ကို မြေနုကျွန်း က သူတို့နဲ့ ဝေးသွားတဲ့အတွက် ဒီဖက်က သောင်ထွန်းတဲ့ ကျေးရွာက အနီးဆုံးဖြစ်သွားပြီး ရသွားတယ်။ မြစ်ကမ်းပါး ပြိုတဲ့ရွာကတော့ ၂ ခါနာပေါ့။ အဲဒါက ဘာဖြစ်လို့လည်းဆိုတော့ ဥပဒေပြဌာန်းချက်က မှားယွင်းနေလို့ပေါ့။ ၂ဝ၁၂ လယ်ယာမြေ ဥပဒေမှာ မြေနုကျွန်းခွဲဝေ ပြဌာန်းမှုကို နည်းဥပဒေ ပြဌာန်းရမည်လို့ပဲ စာကြောင်းလေး တကြောင်းပဲ ပါတယ်။ အဲဒီနည်းဥပဒေကို လွှတ်တော်က ရေးခဲ့တာမဟုတ်ဘူး။ လယ်ဆည်ဝန်ကြီးဌာနကနေ ရေးခဲ့တာ။ အဲဒီ နည်းဥပဒေက ကစားလို့ရတယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားတာ။
မြေနုကျွန်း ပိုင်ဆိုင်မှု အငြင်းပွားရာမှာ မြို့နယ်တခုအတွင်း ကျေးရွာချင်းဖြစ်ပွားတာက အများဆုံး ဆိုပေမယ့် မြို့နယ် နယ်နမိတ်ချင်း ၊ ပြည်နယ်တိုင်း နယ်နမိတ်ချင်း ထိစပ်နေကြတဲ့ နေရာတွေမှာလည်း ပိုင်ဆိုင်မှု အငြင်းပွားတာတွေ အနည်းငယ်ရှိကြပါတယ်။ ကျေးရွာ နဲ့ မြို့နယ် အငြင်းပွားမှုတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အတိုကောက် လယ်စီ ရဲ့ စုံစမ်းစစ်ဆေးပြီး အဆုံးအဖြတ်ကို ခံယူကြရပါတယ်။ ပြည်နယ်နဲ့ တိုင်း နယ်နမိတ်ကြား မြေနုကျွန်း ပြသာနာ ပေါ်ရင်တော့ ဗဟို လယ်စီက စစ်ဆေး ဆုံးဖြတ်ရပါတယ်။ ဘယ်အဆင့်မှာပဲ ဖြစ်ဖြစ် အဲဒီလို စုံစမ်းစစ်ဆေးဆုံးဖြတ်တာတွေကို အချိန်တိုတိုအတွင်း မဆောင်ရွတ်နိုင်တဲ့အတွက် ဒါကိုစောင့်နေကြရင် မြေနုကျွန်းဟာ ချောက်သွေ့ပြီး မြေဆီလွှာခမ်းခြောက်သွားနိုင်ပါတယ်။ ဒီလို အနေအထားကို မစောင့်နိုင်ကြတော့ပဲ ကျေးရွာတွေက မြေနုကျွန်းပေါ်ကို အပြိုင်ဝင်ရောက် ထွန်ယက်ကြတဲ့အတွက် ပဋိပက္ခတွေ ဖြစ်ပွားကုန်ကြပါတယ်။ အဲဒီလို ဖြစ်ရတာကလည်း ၂ဝ၁၂ လယ်ယာမြေ ဥပဒေ ရဲ့ အားနည်းချက်ကြောင့် လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၊ ကနီမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
"၂ဝ၁၂ လယ်ယာမြေ ဥပဒေမှာကိုက မြေနုကျွန်း နဲ့ ပတ်သက်ပြီး အလွဲသုံးစားလုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ ပုဒ်မတချို့ ပါနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ (လယ်စီ) က သဘောရိုးဖြစ် ဆောင်ရွက်လိုက်တဲ့ ကိစ္စရပ်များကို မည်သည် တရားရုံးတွင်မှ တရားစွဲဆိုခွင့်မရစေရဆိုတဲ့ ပုဒ်မတခုပါတယ်။ သဘောရိုးမဟုတ်တဲ့ အထောက်အထားနဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်။ သက်ဆိုင်ရာ မြေစာရင်း ၊ နောက်ပြီး ရပ်ကျေးလယ်စီ ဥက္ကဌ ဖြစ်တဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပေါ့။ နောက်ပြီးတော့ လက်ရှိ လက်ငုတ် ပုဒ်မလည်းရှိတယ်။ တချို့က ရွာက အဝေးကြီး ။ ဟိုးအရင်နှစ်တွေကတည်းက ဒီမြေနုကျွန်း ကို လာလုပ်နေတာ။ ဒါပေမယ့် အဲဒီ ဥပဒေအရ အနီးစပ်ဆုံး ကျေးရွာက ဝင်လုတာတို့ ဘာတို့ ဒါမျိုးတွေရှိတာပေါ့နော်။ ဖြေရှင်းရခက်တယ်။ အဲဒီမှာ လူသတ်ပွဲတွေအထိဖြစ်ကြတာပေါ့နော်။ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ (လယ်စီ) ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေ အများကြီးပါတာပေါ့။ အဲဒီမှာ လုပ်ရကိုင်ရခက်တာပေါ့။ အဂတိလိုက်စားမှုကို အကာအကွယ်ပေးထားတဲ့ သဘောမျိုးဖြစ်တာပေါ့။ ကြန့်ကြာတာတွေ၊ ကြာအောင်လုပ်ထားတာတွေ သူတို့ခွင့်ပြုချင်တဲ့သူကို ဒီတရက် ၂ရက်အတွင်း အမြန်ခွင့်ပြုလိုက်တာတွေရှိတယ်။ ငွေကြေးပေးမထားသူ ကျွန်းပေါ်သွားလုပ်မယ်ဆိုရင် ဟိုကတား ဒီကတားနဲ့ ။ လယ်စီ ကော်မတီကနေ သူတို့ နဲ့ အလွမ်းသင့်သူတွေဆိုရင်တော့ လျောလျောရှုရှု လုပ်ပေးလိုက်တယ်။ မြေနုကျွန်း နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့က အတော်ခက်ပါတယ်။ ဥပဒေ သက်ဝင်ခြင်း မရှိတာကော။ ပြသာနာက တဦးချင်း တယောက်ချင်း ဖြစ်တဲ့ အမျိုးအစားမဟုတ်ဘူး။ အုံနဲ့ ကျင်းနဲ့ ဖြစ်တဲ့ ပြဿနာတွေပေါ့နော်။ ချင်းတွင်းမြစ်ကြောင်းမှာပဲ ဖြစ်ဖြစ် ၊ ဧရာဝတီမြစ်ကြောင်းမှာပဲ ဖြစ်ဖြစ် ပေါ်လာတဲ့ မြေနုကျွန်း ပြသာနာက ဓါးခုတ်ပွဲဖြစ်ပြီး လူတွေ ဆယ်ဂဏန်းနဲ့ ချီပြီး သေကြ၊ ဒဏ်ရာရကြတာရှိတယ်"
မြေနုကျွန်း ခွဲဝေမှုမှာ ကျေးရွာအချင်းချင်း လုကြတဲ့ ပဋိပက္ခတွေရှိသလို ကျေးရွာအတွင်း ခွဲဝေရာမှာလည်း အငြင်းပွားစရာတွေရှိပါတယ်။ အဓိက မြေနုကျွန်းကို ခွဲဝေဖို့အတွက် လယ်စီခေါ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီရဲ့ အမိန့်နဲ့ စည်းဝင် ဘောင်ဝင် တိုင်းတာပြီး တာခွဲပေးရတာက မြေတိုင်းစာရေးဖြစ်ပြီး သူ့ကို အကြံပေးရတာက ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးမှူးစာရေး တို့ ဖြစ်ကြပါတယ်။ အဲဒီအဆင့်ကစပြီး အထက်အဆင့်ဆင့်အထိ အဂတိလိုက်စားမှုတွေ အများကြီးရှိနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြေလတ်ဒေသက ကိုယ်တိုင်မြင်တွေ့ ကြုံတွေ့ခဲ့သူတဦးကလည်း အခုလို ပြောပါတယ်။
" အခုနောက်ပိုင်း မြေနုကျွန်းဝေတာက ဆိုင်ရာ ဆိုင်ရာ နီးစပ် တဲ့ကောင်က ရသွားတာပါပဲ။ ဒီဖက်မှာတော့ ထုံးစံအတိုင်းပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့သူတွေပဲ ရသွားကြတာပေါ့ဗျာ။ ဗမာပြည် ဓလေ့ထုံးစံအတိုင်းပေါ့ဗျာ။ ဘယ်လိုလုပ် မှန်မှာလဲဗျ ။ တဖက်ကမ်းက ပြိုမှလည်း တဖက်မှာ မြေနုကျတာကို ။ မြစ်ထဲမှာကတော့ မြေနုကျွန်းတွေ အမြဲပေါ်နေတာပဲ။ အဲဒါတွေကတော့ နှစ်စဉ် နှစ်တိုင်း ပြသာနာတက်နေတာပဲ။ ဟိုဖက်ရွာက ရသင့်တယ်။ ဒီဖက်ရွာက ရသင့်တယ်။ ဟိုဖက်မြို့နယ်က ရသင့်တယ်။ ဒီဟာတွေကတော့ နှစ်တိုင်းရှိနေတာပါပဲ။ ကျနော်တို့ဆီမှက မြင်တွေ့နေတာတွေကတော့ ရှိတာပေါ့။ ဘယ်သူတွေရလဲမမေးနဲ့ လူကြီးနဲ့ ရင်းနှီးတဲ့ကောင်ရတာပဲဗျ"
တကယ်တော့ မြေနုကျွန်းဟာ ရေကျပြီး ကျန်ရစ်ခဲ့တဲ့ သဘာဝနုံးတင်မြေတွေဖြစ်တဲ့အတွက် ရေဓါတ်အပြည့်နဲ့ မြေအဆီ အနှစ် အပြည့်အဝရှိပြီး ဓါတုမြေဆီ ၊ မြေသြဇာ လုံးဝ အသုံးပြုစရာ မလိုတဲ့ စိုက်ပျိုးမြေဖြစ်ပါတယ်။ အဲဒီအတွက် စိုက်ပျိုးတဲ့ သီးနှံ၊ ဟင်းသီးဟင်းရွက်တွေဟာလည်း သဘာဝအော်ဂဲနစ်ဖြစ်တဲ့အတွက် ဈေးကောင်းရသလို ၊ စိုက်ပျိုးရာမှာလည်း အကုန်အကျ စရိတ်သက်သာပါတယ်။ ဒါ့အပြင် စိုက်ပျိုးရာမှာ သေချာပေါက် အောင်မြင်တဲ့ စိုက်ပျိုးမြေလည်းဖြစ်ပါတယ်။ အဲဒီလို ငွေလည်း အချိန်တိုတိုအတွင်း ရရှိတဲ့ စိုက်ပျိုးမြေဖြစ်တဲ့အတွက် မြေနုကျွန်း လုကြတာတွေကလည်း နှစ်စဉ်ဖြစ်ပွားကြတာပါ။ ပြဿနာတွေတက်ကြတာက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ဒေသတွင်း စိုက်ပျိုးရေး ဂျာနယ်တစောင်ရဲ့ အယ်ဒီတာက ပြောပါတယ်။
"မြေနုကျွန်းခွဲဝေမှုပုံစံ သူက အငြင်းပွားစရာဖြစ်တာ။ မြေနုကျွန်းရဲ့ သဘောက ဒီနှစ် ဒီနေရာ ပေါ်ပေမယ့် ။ နောက်နေဟိုနေရာ ပေါ်ချင်ပေါ်တာ။ ပေါ်တဲ့အခါကြတော့ ရွေ့သွားတာ။ တပိုင်းတစ ရွေ့သွားတဲ့အခါကြတော့ သူတို့က ငါတို့က မြေနုကျွန်း စဉ်ဆက်လုပ်နေတာ ၊ မင်းတို့ရွာက လုပ်ရမှာမဟုတ်ဘူး။ ငါတို့ရွာက လုပ်ရမှာဆိုပြီးပြောသလို ၊ ဟိုဖက်ရွာကလည်း မဟုတ်ဘူး။ ငါတို့လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ခွဲကြ စိပ်ကြတဲ့အခါကြတော့ အရင်လုပ်နေကြသူတွေက အကုန်မရဘူးပေါ့။ အငြင်းပွားမှုတွေရှိကြတယ်။ ဖြေရှင်းတဲ့ ပုံသဏ္ဍန်မှာက တောင်သူတွေရဲ့ အငြင်းပွားမှုကို သူတို့ နိုင်အောင်မရှင်းနိုင်ဘူး။ ခွဲဝေချထားပေးတဲ့ သူတွေကလည်း ဘက်လိုက်သလိုမျိုးဖြစ်တာပဲ။ ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့သူက အမျိုးထဲက ရတယ်။ တို့ကြတော့ မရဘူးဆိုတာက ရှိတယ်။ ငွေရှင်က လူကြီးနဲ့ပေါင်းပြီး ယူတယ်ဆိုတဲ့ အဲဒါမျိုးတွေဖြစ်ဖို့ များပါတယ်။ အဲဒီတော့ ဥပဒေအရက ဒီဧရိယာဟာ ဘယ်သူပိုင်ပါတယ်လို့ ပြောဖို့က တော်တော်လေးကို ခက်နေတယ်။ နီးစပ်ရာကို ပေးတယ်တို့။ လူကြီးနဲ့ နီးစပ်လို့ ရသလိုလို၊ လာဒ်ထိုးလို့ ပေးလိုက်သလိုလို၊ သူက ငွေပေးနိုင်လို့ရသလိုလို၊ သူကတော့ ပိုရတယ်တို့ အငြင်းပွားတာတွေက ရှိနေမှာပါပဲ။ ခွဲဝေရာမှာ အငြင်းပွားမှုကတော့ ပုံမှန်လောက်နီးနီးဖြစ်နေတယ်။ ဒါကတော့ ရှိနေမှာပဲ"
ဒါ့အပြင် မြေနုကျွန်းမြေကို ခွဲဝေရရှိသူတွေက လုပ်ပိုင်ခွင့်ကို ပြန်လည် ရောင်းစားကြတာလည်း ရှိကြပါတယ်။ တခါ မြေနုကျွန်း ကို စိုက်ပျိုးခွင့်ရသွားပေမယ့် ခွဲဝေမှုအပေါ် မကျေနပ်ကြတဲ့ ကျေးရွာတွေနဲ့ ပဋိပက္ခကတော့ ဖြေရှင်းပြီးပေမယ့် ပြေလည်မှုကတော့ မရတာတွေလည်း ရှိကြပါတယ်။ တချို့ဒေသတွေမှာဆိုရင် စိုက်ပျိုးပင်တွေကို လစ်တဲ့အချိန်မှာ ဝင်ရောက် ဖျက်ဆီးတာတွေရှိတဲ့အတွက် ၊ တုတ်၊ ဓါးလက်နက်တွေနဲ့ ကင်းစောင့်နေကြရပါတယ်။ ဒီလို အခြေအနေမျိုးတွေ နှစ်စဉ်ဖြစ်ပွားလေ့ရှိတာကို သက်ဆိုင်ရာတွေက သိရှိပေမယ့်လည်း လုံခြုံရေး ရဲတပ်ဖွဲ့တွေကို ကြိုတင် စေလွှတ်ပြီး ထိန်သိမ်းတာမျိုး မရှိကြပါဘူး။ ရွာနှစ်ရွာ ပဋိပက္ခတွေဖြစ် ရာဇဝတ်မှုတွေဖြစ်ပြီးမှသာ သွားရောက်ဖမ်းဆီးတာမျိုးတွေလုပ်တာပဲ ရှိတဲ့အတွက် မြေနုကျွန်း လုကြတဲ့ ပြဿနာ ပြေလည်ဖို့ မလွယ်ကူနိုင်ပါဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လအတွင်းက ဆိုရင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း က ဖရဲကျွန်း ကျေးရွာ နဲ့ ကန်သာကျေးရွာ အကြား ၇ ဧက ဝန်းကျင်လောက်ပဲရှိတဲ့ မြေနုကျွန်း လုကြရာမှာ ဓါးတွေ၊ တုတ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတဲ့အတွက် လူ ၄ဝ နီးပါး သေဆုံးခဲ့ပါတယ်။ ဒါအပြင် စစ်အာဏာမသိမ်းခင်ကဆိုရင် ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ်ဝှမ်းဘေးက မြို့နယ် အတော်များများမှာ မြေနုကျွန်း ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ကြပါတယ်။