သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်မကုန်ခင် နိုင်ကျဉ်းအားလုံးလွတ်ဖို့ ဖြစ်နိုင်ခြေမရှိ


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
သမ္မတဦးသိန်းစိန်က ကတိပေးထားသလို ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့လည်း လာမယ့် သီတင်းပတ်တွေအတွင်း နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွတ်လာဖို့ရှိတယ်လို့ နောက်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကော်မတီရဲ့ ဒီကနေ့အစည်းအဝေးပြီး အခြေအနေတွေကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်ရဲမောင်မောင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်းတင်ပြတဲ့ ထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးလုံး ဒီနှစ်ကုန်မှာ ပြန်လည်လွတ်မြောက်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီဝင်လည်းဖြစ်၊ AAPPရဲ့ ပြောခွင့်ရှိသူလည်း ဖြစ်တဲ့ ကိုဘိုကြည်က ဗွီအိုအေကိုပြောပါတယ်။

“ဆုံးဖြတ်ချက်ကတော့ အပြည့်အဝ မချနိုင်ပါဘူး။ ဒါပေမယ့် အကုန်လုံးပြန်လွှတ်ပေးမယ့် အနေအထားတော့ မရှိဘူးဗျ။ တချို့တော့ ကျန်ခဲ့နိုင်တယ်။ အဲဒါတွေက အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကိစ္စတွေ တော်တော်များများ ဖြစ်မှာပါ။”

လက်ကျန် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီး တင်ပြထားတဲ့ ၄၄ ဦးလုံး လွတ်မြောက်နိုင်ဖို့ သူတို့ကိုဖမ်းတုန်းက စွဲချက်တင်ထားတဲ့အမှုတွေကြောင့် ပြန်လွှတ်ဖို့ပြောတဲ့နေရာမှာ အခက်အခဲ အနည်းငယ်ရှိနေတာလို့လည်း ကိုဘိုကြည်က ဆက်ပြောပါတယ်။

“ဥပမာ-တချို့လူတွေပေါ့နော်။ ABSDF ကနေ အဖမ်းခံနေရတဲ့ စိုင်းကိုဦးပေါ့။ သူဆိုရင် ထောင်ထဲမှာ ၁၈ နှစ်လောက် ရှိသွားပြီ။ သူ့ကိုဖမ်းထားတဲ့အချိန်မှာ အရင်ထောက်လှမ်းရေးတွေပေါ့- ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်တုန်းက မတရားသဖြင့် အမှုတွေနဲ့ ဆင်ပြီးချထားတာတွေ ရှိတယ်။ ဥပမာ - သူ့ကိုဆိုရင် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းတာမဟုတ်ဘဲနဲ့ ၃၀၂၊ တို့- ဓားပြမှုတို့၊ မုဒိန်းမှုတို့နဲ့ ဖမ်းထားတာတွေ ရှိတယ်။ ကျနော်တို့က - ဒီဟာတွေကို ထောက်လှမ်းရေးကနေပြီး အမှုဆင်ပြီးတော့ ဖမ်းထားတယ်ဆိုတာကို ပေါ်လွင်အောင် ကျနော်တို့ဘက်ကနေ ပြောတယ်။ စာတွေပို့ပြီး ရှင်းပြထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကျတော့ အမှုကြီးဖြစ်နေတဲ့အတွက် စိစစ်ရတာ နည်းနည်းပိုခက်နေတာမျိုး ရှိတယ်။”

၁၂ ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီရဲ့ အစည်းအဝေးအပြီး လာမယ့်ရက်သတ္တပတ် အတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေရော၊ တပ်မတော်ထောက်လှမ်းရေးက အကျဉ်းကျခံနေရတဲ့ အရာရှိဟောင်းတွေ ပါ ပြန်လည်လွတ်မြောက်ဖို့ရှိတယ်လို့ ကော်မတီဥက္ကဋ္ဌဦးစိုးသိန်းက အစည်းအဝေးအတွင်းမှာ ပြောဆိုခဲ့တဲ့အကြောင်း ကေ်မတီဝင်တစ်ဦးလည်းဖြစ်၊ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဦးစိုးသိန်းပြောတဲ့အချက်တွေထဲမှာ မင်္ဂလာသတင်းတွေ ပါပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်မယ်။ နိုင်ငံသားအကျဉ်းသားတွေ၊ တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းတွေ အပါအဝင်ပေါ့။ အနည်းဆုံး နှစ်ပတ်ပဲ ကွာမှာပေါ့။”

ဒီကနေ့ အစည်းအဝေးအတွင်း ထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေသာမက လတ်တလော နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကိုလည်း အမြန်ဆုံး အာဏာပိုင်တွေဘက်က ပိတ်သိမ်းပေးဖို့ကိုလည်း ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပေးဖို့ တင်ပြခဲ့တယ်လို့ ဦးသိန်းညွန့်ကပြောပါတယ်။

“ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ခဲ့လို့ရှိရင် လောလောဆယ် အမှုစစ်ထားတဲ့လူတွေလည်း ပါမှာပေါ့။ အခု ပေါင်းတည်ထောင်မှာ ဒေါ်မြင့်မြင့်အေးတို့ကို လယ်သမားကိစ္စ ဆောင်ရွက်တဲ့အခါမှာ ပုဒ်မ (၆) နဲ့ တရားစွဲဆိုခြင်း ခံရတဲ့သူတွေပေါ့။ ဒေါ်မြင့်မြင့်အေးတို့လို လူမျိုးတွေ ပြန်လွတ်ဖို့ဆိုရင် အခု ကျနော် အကြံပြုတင်ပြထားတဲ့ အချက်တစ်ချက်ကို သမ္မတကြီးဘက်က ဆောင်ရွက်လိုက်တာနဲ့တပြိုင်တည်း ၂၀၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်းသား ကုန်သလောက်နီးပါး ဖြစ်သွားမှာပေါ့။”

နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီကနေ ဒီနှစ်ကုန်မှာ အစီရင်ခံစာ တစ်စောင်ထုတ်ဖို့ ရှိပြီးတော့ လက်ရှိအချိန်မှာ အဲဒီ အစီရင်ခံကို ရေးသားနေတယ်လို့လည်း ကိုဘိုကြည်က ပြောပါတယ်။ ၂၀၁၃ ကုန်သွားပေမဲ့လည်း ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဖို့ များနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီကလည်း ဆက်ရှိနေဖို့များတယ်လို့လည်း ကိုဘိုကြည်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်ထဲမှာ ဖွဲ့စည်းခဲ့ပြီးတော့ ဒီကော်မတီရဲ့ အဆုံးအဖြတ်နဲ့ ပဲ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းလောက်ကို အစိုးရဘက်က ပြန်လွှတ်ပေးခဲ့တာပါ။ ဒီဇင်ဘာလထဲမှာပဲ SEA Games ဖွင့်ပွဲကျင်းပတဲ့ ဖွင့်ပွဲနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၄ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါခင်ဗျား။
XS
SM
MD
LG