(Zawgyi/Unicode)
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အတူပူးပေါင်းပြီး ပြင်းထန်တဲ့အရေးယူဒဏ်ခတ်မှုတွေလုပ်သွားဖို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံအပေါ် လက်နက်နဲ့ နည်းပညာပိုင်း ပေးပို့ရောင်းချမှုတွေ ရပ်တန့်ကြဖို့လည်း သူက ပြင်းပြင်းထန်ထန်တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာအနေနဲ့ ချက်ခြင်းအရေးယူဆောင်ရွက်ကြဖို့နဲ့ နောက်ကျတာနဲ့အမျှ လူအသက်တွေ ထပ်ပြီးဆုံးရှုံးလိမ့်မယ်လို့လည်း အရင်ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာပြောခဲ့တာကို အခု လူ့အခွင့်အရေးကောင်စီမိန့်ခွန်းအဆုံးမှာ သူက ထပ်ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဒီကနေ့ အစည်းအဝေးမှာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး မြန်မာစံတော်ချိန် ဒီကနေ့ည ၉ နာရီပတ်ဝန်းကျင်မှာ ဗွီဒီယိုကတဆင့် အစီရင်ခံ တင်ပြသွားတာပါ။ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေဟာ ပိုပိုဆိုးလာနေပြီး၊ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်လာတယ်လို့လည်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေကို လေကြောင်းကတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးချပြီး စစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်း သူက ပြောသွားပါတယ်။ တတ်ကြွလှုပ်ရှားသူတွေကို တရားမဲ့ဖမ်းဆီးတာ ညှင်းပမ်းနှိပ်စက်တာအပြင်၊ ကလေးငယ်တွေအပါအဝင် မိသားစုဝင်တွေကိုပါ ဓါးစားခံလုပ်ဖမ်းဆီးတာမျိုးရှိနေတယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို အရေးယူနေတာတွေကို ထောက်ပြီး ၊ မြန်မာပြည်က ကျန်းမာရေးပြဿနာကြီးဟာ ဒေသတွင်းကိုပါ ရိုက်ခတ်နိုင်တယ်လို့သတိပေးပါတယ်။
သူ့ရဲ့ အစီရင်ခံစာအပြည့်အစုံကို နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း အောက်တိုဘာလထဲမှာ လူကိုယ်တိုင်တင်ပြဖို့ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို Tom Andrews က ပြောထားပါတယ်။
...............................................................................................
(Unicode)