"Right to Recall "လို့ခေါ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဒီလွှတ်တော် သက်တမ်းအတွင်းမှာတော့ ဒီဥပဒေကြမ်းကို နောက်တကြိမ်ဆွေးနွေးဖို့ မရှိနိုင်တော့ဘူးလို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ နေပြည်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို အလျင်အမြန်ဆွေးနွေး အတည်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တိုက်တွန်းထားပေမဲ့လည်း၊ ပြည်ထောင်စုလွှတ်တော် ဒီကနေ့ အစည်းအဝေး မှာတော့ ဒီအဆိုမူကြမ်းနဲ့ ပတ်သက်လို့ ယာယီ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ထောက်ခံမဲ ၂၉ မဲ အသာ နဲ့ ဒီမူကြမ်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဒီဆုံးဖြတ်ချက် အပေါ် ပြည်ထောင်စုလွှတ်တော် နာယက က အခုလို ပြောပါတယ်။
" ထောက်ခံ ဆန္ဒမဲ များတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးခြင်း ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်။ "
ဒီဥပဒေဟာ လတ်တလောမှာ ဆက်လက်ဆွေးနွေးဖို့ ဆိုင်းငံ့တာဖြစ်ပေမယ့်လို့၊ အခု လွှတ်တော် အစည်းအဝေးတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်နောက်ဆုံးလုပ်တဲ့ အစည်းအဝေးတွေဖြစ်ပါတယ်။ အခု လွှတ်တော် သက်တမ်းအတွင်းမှာတော့ ဒီဥပဒေမူကြမ်း အတည်ဖြစ်ဖို့ မလွယ်တော့ဘူးလို့ လွှတ်တော်အမတ်တွေက သုံးသပ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန် ကနေပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ အချက်အလက်ကို ပြင်ဆင်ပြောင်းလဲဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် အများစုက ဆန္ဒရှိပေမယ့် ကန့်ကွက်နိုင်တဲ့ မဲဆန္ဒရှင်ရာခိုင်နှုန်း အရေအတွက် နဲ့ အခြား အသေးစိတ် အချက်အလက်တွေကို အချိန်ယူဆွေးနွေးချင်ကြတဲ့ အတွက် အခုလို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ SNDP ကျားဖြူပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့က ပါတီဝင်အချို့ ကတော့ ဒီဥပဒေကို ဆက်လက်ဆွေးနွေးလိုကြပါတယ်။
ဒီဥပဒေဟာ ဒီမိုကရေစီကိုဖော်ဆောင်ကာ ပြည်သူကို အလေးထားဆောင်ရွက်တဲ့ ဥပဒေဖြစ်တာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မှတ်ကျောက် တင်ခံနိုင်ဖို့ ဆက်လက် ဆွေးနွေးကာ အမြန်ဆုံး အတည်ပြုသင့်တယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချုပ်တင့်ဆန်းက ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီဥပဒေကို ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင် ဒီဥပေဒကြမ်းကို တင်ပြထားတာ ၄ကြိမ် ရှိပြီ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်မပြုနိုင်သေးတာကြောင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးနိုင်တယ် လို့လည်း ရွေးကောက်ပွဲကော်မရှင် က သတိပေးထား ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင် က ဒီဥပဒေကို အမြန်ဆုံးအတည်ပြုဖို့ ထပ်မံ တင်ပြလာခဲ့ပါတယ်။
လက်ရှိမှာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် အဖြစ်က ဖယ်ရှားတဲ့ တချိန်တည်းမှာ ထပ်မံတိုက်တွန်းမှုတွေ ထွက်ပေါ်လာတဲ့ အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်သူ တချို့ကတော့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဖြုတ်ချဖို့အတွက် ရည်ရွယ်တာလို့ သုံးသပ်တာတွေရှိပါတယ်။
အမျိုးသားလွှတ်တော် အမတ်ဒေါက်တာအေးမောင် ကတော့ ဆိုင်းငံ့တဲ့ အဆိုအောင်မြင်တဲ့အပေါ်ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်း အကျင်းအပေါ် အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။
" လွှတ်တော်နှစ်ရပ်စလုံးကို ရပ်နားဖို့ အင်အားစုတခုသည် ပါတီကြီးတခုသည် ကြိုးစားခဲ့တယ်။ သို့သော် လွှတ်တော်သည် တည်ဆဲုဖြစ်တယ်။ ဆက်လက်ပြီးတော့ ရှင်သန်ဆဲဖြစ်တယ်။ ဆက်လက်ပြီးတော့ လုပ်ငန်းဆောင်ရွက်ဆဲဖြစ်တယ်။ ဒါကို ပြန်ကြည့်လို့ရှိရင် Right to recall ကဲ့သို့သော ဥပဒေများကို လိုအပ်ရင် ပြဋ္ဌာန်းဖို့ အဆင့်သင့်ရှိတဲ့ လွှတ်တော်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့သိမှာပေါ့။
အဲ့တော့ Right to recall ကို ပါလီမန်သည် ပယ်ဖျက်တာမဟုတ်ဘူး။ ခန ဆိုင်းငံ့ထားတာ။ Right to recall သည် မြန်မာနိုင်ငံသားများ၏ အခွင့်အရေး သို့သော် လက်ရှိအခြေအနေမှာ တင်လာတာကိုက နိုင်ငံရေး အခင်းအကျင်းဖြစ်အောင် လုပ်သလား။ လွှတ်တော်နှစ်ရပ်စလုံးကို ရပ်ဖို့ကြိုးစားတာကိုက ဘာကြောင့် ရပ်ဖို့ ကြိုးစားတာလဲ။ ဒီလွှတ်တော်ကြီးကို ပြန်ပြီးရှင်သန်အောင် ကြိုးစားတာကိုက ဘာကြောင့်လဲ။ ဒီနှစ်ခုကြားထဲမှာ အဖြေတခုရှိမှာပေါ့။"
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးကတော့ ဒီဥပဒေဟာ ရှိသင့်ကြောင်း၊ နိုင်ငံရေး ညစ်ပတ်ဖို့အတွက် ဒီဥပဒေကို အသုံးချနိုင်တယ် ဆိုတဲ့ ထင်မြင်မှုကို လက်မခံကြောင်း ပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လွှတ်တော်ကနေပြီးတော့မှ ဥပဒေပြဌာန်းပေးရမယ် လို့ပါတာပဲ။ ဥပဒေအရ လုပ်တာပဲ။ ခင်ဗျားတို့က ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်တာ မနိုင်တာနဲ့ပတ်သက်ပြီး ပြောနေတယ်။ တကယ်တော့ နိုင်တာ မနိုင်တာတွေက ကျနော်တို့ မသိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါတယ်။ အဲ့လိုဆိုရင် ကျနော်တို့ ၂၀၁၀ မစိုးရိမ်ရဘူးလား။ ကဲ ကျနော်တို့ နိုင်ထားတာကို။ မစိုးရိမ်ရဘူးလား။ ဘာမှ မဖြစ်တာပဲ။ ကျနော်ထင်တယ် ကျန်တဲ့ပါတီတွေကလည်း ဒီလိုပေါ့ဗျာ ကောက်ကျစ်တဲ့ ဥစ္စာမျိုူးနဲ့ ခုနက ခင်ဗျားတို့ မမှန်တဲ့စိတ်ထားမျိုးနဲ့ အပြစ်ရှာပြီးတော့မှ လုပ်မယ်လို့ ကျနော် မယုံဘူး။ ဒါကြောင့် ကျနော်တို့ မစိုးရိမ်ဘူး။ "
လက်ရှိမှာ ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင်ကို လွှတ်တော် ကိုယ်စားလှယ်တွေကို ရုပ်သိမ်းဖို့ တိုင်ကြားမှုတွေရှိ နေတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင်ကပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကို လွှတ်တော်ကိုယ်စားလှယ်ကနေ ရုပ်သိမ်းပေးဖို့ အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခံခဲ့ရတာရှိပါတယ်။ ဒီ့အပြင် အခြား လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း တိုင်တန်းထားတာတွေရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။ ဒီလိုပြောဆိုထားပေမဲ့ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်ကနေ ရုပ်သိမ်းဖို့ ဥပဒေမရှိသေးတာကြောင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။