လူဦးရေ သိန်းနဲ့ချီပြီး အဆမတန်များပြားနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း တွေမှာ UNHCR ကနေ တနေ့ကို မိသားစု ၄,၀၀၀ နှုန်းနဲ့ အမည်စာရင်းတွေကိုစတင် စုဆောင်းကောက်ယူနေပါတယ်။
ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဒုက္ခ အလျှင်အမြန်ဆုံးကျရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို ကယ်တင်နိုင်ရေး အခုလို ဒုက္ခသည်တွေရဲ့ လူဦးရေစာရင်းအတိအကျနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ကောက်ယူနိုင်ဖို့ အရေးကြီးကြောင်းနဲ့ ဒီအတွက်လည်း ခေတ်မှီနည်းပညာတွေ အသုံးပြုနေကြောင်း UNHCR တာဝန်ရှိသူတွေက ပြောပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း နေရပ်ရင်းကထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အများစုဟာ တရားဝင်အထောက်အထား၊ စာရွက်စာတမ်းတွေ မပါရှိကြတဲ့အတွက် အခုလို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ရဲ့ စာရင်းကောက်ယူမှု ပထမအဆင့်ဟာ ဒီအခြေအနေတွေကို ပြောင်းလဲစေဖို့ ဖြစ်တယ်လို့ UNHCR တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေဆီကို လပိုင်းအတွင်း ဒုက္ခသည်အရေအတွက် သန်းတဝက်ကျော်ရောက်ရှိလာတဲ့အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေး အသေးစိတ်မြေပုံညွန်းကိန်းတွေနဲ့ အထောက်အကူပြုဖို့ မိသားစုအလိုက် လူဦးရေစာရင်းတွေကို UNHCR က စနစ်တကျကောက်ယူနေပါတယ်။ အဲဒီလို ကောက်ယူရာမှာလည်း တီထွင်ဆန်းသစ်ထားတဲ့ smart ဖုန်းနည်းပညာနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ အချက်အလက်တွေကို စုဆောင်းတာဖြစ်ပါတယ်။ မိသားစုစာရင်းကောက်ယူမှုအခြေအနေနဲ့ ပတ်သက်လို့ UNHCR စာရင်းကောက်ယူမှုဆိုင်ရာ လက်ထောက် အရာရှိ Nijad Abou Diab က အခုလို ပြောပါတယ်။
“ဒါဟာ မိသားစုစာရင်းကောက်ယူမှု အစီအစဉ်တခုပါပဲ။အဲဒီ အိမ်ထောင်စု ရဲ့ အမည်နဲ့အိမ်ထောင်စုဝင် မိသားစုတွေရဲ့ နာမည်တွေကို စုဆောင်းကောက်ယူပါတယ်။”
ဒါအပြင် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက ညှိုနှိုင်းဆောင်ရွက်ပေးမှုနဲ့ ဒုက္ခသည် စာရင်းကောက်ယူမှုအစီအစဉ်ဟာ အသက်ကယ်ဆယ်ရေးအတွက်လည်းဖြစ်တယ်လို့ UNHCR ကဆိုပါတယ်။ ဒုက္ခရောက်နေသူတွေဆီကို အထောက်အပံတွေ အရောက် ပို့ဆောင်ပေးနိုင်ဖို့ ဒီလို လူဦးရေကောက်ယူမှုအစီအစဉ်က အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
စာရင်းကောက်ယူသူတွေဟာ ဒုက္ခသည်တွေနေထိုင်တဲ့ တဲတလုံးချင်းစီကိုသွားရောက်ပြီး ဒုက္ခသည်တဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို သူတို့ရဲ့ smart ဖုန်းတွေထဲမှာရှိနေတဲ့ specialized app လို့ခေါ်တဲ့အထူးစီစဉ်ထားတဲ့ application တွေထဲမှာထည့်သွင်းပြီးမိသားစုဝင်တဦးချင်းစီရဲ့ ဓါတ်ပုံတွေနဲ့အတူ ကောက်ယူစုဆောင်းတာပါ။ အဲဒီနောက် အမည်စာရင်းရှိသွားတဲ့ မိသားစုတစုချင်းစီကို အဝါရောက်ကဒ်ပြားတခုစီ ထုတ်ပေးပါတယ်။ ဒီကဒ်ပြားရရှိထားတဲ့ ရိုဟင်ဂျာဒုက္ခသည် မိသားစုထဲက လင်ယောက်ျားဖြစ်သူနဲ့ ဇနီးဖြစ်သူတို့က အခုလိုပြောပြကြပါတယ်။
"ဒီကဒ်ပြားနဲ့ အစားအသောက်ရဖို့၊ အိမ်သာတက်ဖို့၊ မိလ္လာသုံးဖို့ စတာတွေရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"
"ဒီကဒ်ပြားနဲ့ စားနပ်ရိက္ခာတွေရမယ်လို့ ကျမထင်ပါတယ်။ နောက် ကျမတို့မှာ ဆေးဝါးကုသဖို့ အခုချိန်ထိ မရသေးတော့ ဒီကဒ်ပြားနဲ့ ဆေးဝါးကုသခွင့် ရမှာဖြစ်ပါတယ်။"
အခုလို မိသားစုအလိုက် စာရင်းကောက်ယူမှုဟာ UNHCR နဲ့ အခြား အေဂျင်စီတွေရဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးရေးကြိုးပမ်းမှု အလေးပေးလုပ်ဆောင်ရာမှာလည်း အကူအညီပေးကြောင်း UNHCR အရေးပေါ်ဆိုင်ရာ အဆင့်မြင့် ညှိုနှိုင်းဆောင်ရွက်ရေးမှုး Felipe Camargo ကပြောပါတယ်။
"နေစရာ တဲအိမ်၊ မိုးရေခံဖျင်စတွေ၊ မိသားစုအသုံးအဆောင်ပစ္စည်းတွေ၊ ဆေးကြောဖို့ ပစ္စည်းတွေ၊ အဟာရနဲ့ ကျန်းမာရေး အထောက်အကူဖြစ်စေတဲ့ ဆေးဝါးပစ္စည်းတွေ ပေးကမ်းတဲ့နေရာမှာ ဒီအစီအစဉ်က အသုံးဝင်တဲ့အပြင် ဒီမိသားစုတွေ ဘယ်နေရာမှာရှိနေလဲ၊ သူတို့မိသားစုထဲမှာ အဓိကဘာတွေလိုအပ်နေလဲ စတာတွေ သိရှိနိုင်ဖို့ အထောက်အကူပြုပါတယ်။"
မိသားစုတစုချင်းစီအလိုက်ရှိနေတဲ့ အဝါရောင်ကဒ်ပြားတခုချင်းစီမှာ နံပါတ်တွေပါဝင်ပြီး အဲဒီနံပါတ်တွေဟာ သူတို့ရဲ့ တဲနံပါတ်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။ GPS စနစ်နဲ့ ကြည့်လို့ရတဲ့ မြေပုံအညွန်းအတွက်လည်း အဲဒီနံပါတ်တွေနဲ့ ပြုစုထားတာဖြစ်ပါတယ်။ ဒါကြောင့် အခု ကွန်ပြူတာ စခရင်ပေါ်မှာ မြင်ရတဲ့ အနီရောင်စက် တစက်ချင်းစီဟာ မိသားစုတစုချင်းစီကို ကိုယ်စားပြုပြီး အဲဒီအနီရောင်အစက်တစက်ကို နှိပ်ကြည့်လိုက်မယ်ဆိုရင် အဲဒီမိသားစုရဲ့ အချက်အလက်အသေးစိတ်အားလုံးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ UNHCR စာရင်းကောက်ယူမှုဆိုင်ရာ လက်ထောက်အရာရှိ Tama Almos က အခုလိုပြောပါတယ်။
"အခြေခံအားဖြင့် ဒီဟာက အစုအဖွဲ့မြေပုံအဖြစ် အချက်အလက်စုဆောင်းဖို့ အကူအညီပေးပါတယ်။ ကျနော်တို့ လက်ရှိလုပ်ကိုင်နေတဲ့ ပြုလွယ်၊ ပြောင်းလွယ်ရှိတဲ့ မြေပုံကတော့ ဧရိယာအကျယ်အဝန်းအသစ်တခုလုံးရဲ့ မြေပုံအဖြစ် တည်ဆောက်ပေးပါတယ်။"
ဒုက္ခသည်စခန်းတွေမှာ UNHCR ကခန့်ထားတဲ့ လူဦးရေစာရင်းကောက်ယူသူ စုစုပေါင်း ၁၀၀ ရှိတယ်လို့ဆိုပါတယ်။ သူတို့တွေကို အုပ်စု ၁၀ စုဖွဲ့ထားပြီး တနေ့ကို မိသားစုပေါင်း ၄၀၀၀ အထိ စာရင်းကောက်ယူနေပါတယ်။ အခုလာမယ့် သတင်းအပတ်တွေအတွင်း မိသားစုပေါင်း ၁၀၅,၀၀၀ ထိ စာရင်းကောက်ယူဖို့ ရည်မှန်းထားကြောင်း UNHCR ကပြောပါတယ်။