သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး ကာချုပ်ပါဝင်ဖို့ တိုင်းရင်းသားတွေတောင်းဆို


UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး ဆွေးနွေးကြစဉ်။ (နိုဝင်ဘာ ၂၄၊ ၂၀၁၃၊ ဓာတ်ပုံ ဦးလှမောင်ရွှေ)
UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး ဆွေးနွေးကြစဉ်။ (နိုဝင်ဘာ ၂၄၊ ၂၀၁၃၊ ဓာတ်ပုံ ဦးလှမောင်ရွှေ)
မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပါဝင် လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အမှန်တကယ် ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် UNFC က ဗွီအိုအေကို ပြောပါတယ်။ UNFC ခေါင်းဆောင်တွေဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ရန်ကုန်မှာ နှစ်ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ဆုံးခန်းတိုင်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ လက်ရှိ ဖြစ်ပွားနေဆဲ တိုက်ပွဲတွေ အမှန်တကယ် ရပ်ဆိုင်းဖို့ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်ဖို့လိုအပ်တယ်လို့ UNFC က ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ UNFC ခေါင်းဆောင်တွေ ရန်ကုန်မှာ ဒီညနေ ညစာစားပွဲမတိုင်ခင် UNFC အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာ က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

“တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ အပိုင်းမှာတော့ တပ်ဖက်က အရေးကြီးတယ်။ ပြီးလာတဲ့ကာလအပိုင်းမှာဆိုရင် အစိုးရဘက်နဲ့ UN လက်မှတ်ထိုးထားတဲ့အပေါ်မှာ တိုက်ပွဲတွေက မကြာမကြာ ဖြစ်နေတယ်။ အဲဒီကိစ္စကို သိနေရတဲ့အပေါ်မှာ ပိုပြီးတော့ သေချာအောင်ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း ပါဖို့ လိုတယ်လို့ အန်ကယ်လ်တို့ အဲလို မြင်တာပါ။ အန်ကယ်လ်တို့က အစိုးရနဲ့ဆွေးနွေးတယ်၊ အပစ်အခတ် ရပ်စဲရေးလုပ်တယ်၊ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ဆက်ရှိနေတယ်ဆိုတဲ့ အနေအထားမျိုးမှာ ခြုံပြီးပြောရမယ်ဆိုရင် အစိုးရဘက်က အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရော အားလုံး တစုတစည်းတည်းဖြစ်စေချင်တယ်လေ။ အဲဒီတော့မှ အပစ်အခတ်ရပ်စဲရေးဆိုတာ ခိုင်မာမယ်လို့ အန်ကယ်လ်တို့ အဲလို ယုံကြည်တယ်။”

ဒါကြောင့် တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆိုပြုချက် ၁၁ ချက်ထဲမှာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ထိုးဖို့အပါအဝင် အားလုံးပါဝင်ဖို့ဆိုတာ ထည့်သွင်းထားတဲ့အကြောင်း ဦးနိုင်ဟံသာက ဆက်ပြောပြပါတယ်။

“အန်ကယ်တို့တင်ထားတဲ့ အဆိုပြုချက် ၁၁ ထဲမှာ အစိုးရဘက်ကဆိုရင် သမ္မတရော၊ ဒုသမ္မတနှစ်ဦးရော၊ လွှတ်တော် ၂ ရပ်ရဲ့ ဥက္ကဋ္ဌတွေရော၊ နောက်ပြီးတော့မှ တရားသူကြီးချုပ်တွေရော၊ စစ်တပ်ဘက်ကဆိုရင်လည်း ကာကွယ်ရေးဦးစီးချုပ်တွေ ပါဖို့လိုတယ်ဆိုတဲ့ အချက်အလက်တွေ အန်ကယ်လ်တို့ ဖော်ပြထားပါတယ်။”

UNFC ခေါင်းဆောင်တွေဖြစ်တဲ့ NMSP မွန်ပြည်သစ်ပါတီက ဦးနိုင်ဟံသာ၊ KNU ကရင်အမျိုးသားအစည်းအရုံးက ပဒိုဒေးဗစ်သာကပေါ နဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ခွန်းအေဘယ်တွိ တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တနင်္ဂနွေနေ့မနက်ပိုင်းက ရန်ကုန် - မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ခဲ့ကြတာပါ။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး တရားဝင် လက်မှတ်မထိုးခင် တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်တဲ့သဘောနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ MPC က မြန်မာငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ ၂၀၁၂ ဇန်နဝါရီလမှာ KNU- ဖေဖော်ဝါရီလမှာ MNSP- မတ်လမှာ KNPP တို့လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ တချို့ ခေါင်းဆောင်တွေတော့ မြန်မာပြည်ထဲကို လာရောက်တာ ရှိနေတယ်။ အခုနက ခေါင်းဆောင် သုံးဦးကတော့ အကြောင်းကြောင်းကြောင့် မလာနိုင်သေးတာပေါ့။ ဝန်ကြီးဦးအောင်မင်းဘက်က လာလည်ဖို့ ဖိတ်ကြားခဲ့တာပါပဲ။ အဓိက-ကတော့ ဒီနေ့လာတာကတော့ ဝန်ကြီးဦးအောင်မင်းရဲ့ဖိတ်ကြားမှုကို လက်ခံပြီးတော့ သူတို့လာတာ ဖြစ်ပါတယ်။”

ဒီကနေ့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ကြတဲ့ UNFC ခေါင်းဆောင် တချို့ဟာ မြန်မာနိုင်ငံမှာ ပြဌာန်း ထားတဲ့ တရားမဝင်အသင်းနဲ့ဆက်သွယ်မှု ၁၇ (၁) နဲ့ ငြိစွန်းနေတာကြောင့် ယခင်က ရန်ကုန်ကို လာရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီခေါင်းဆောင်တွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကနေ ရန်ကုန်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး ခရီးစဉ်ကိုတော့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါကနေ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ UNFC ခေါင်းဆောင်တွေ နှစ်ကြိမ် တွေ့ဆုံခဲ့ကြပေမဲ့ နှစ်ဘက်စလုံးက ရေးဆွဲထားတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ လိုက်နာရမယ့် အဆိုပြုချက်တွေကိစ္စ အသေးစိတ် ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့လည်း နှစ်ဘက်တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။

UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ လာမယ့် ဒီဇင်ဘာလထဲ ကရင်ပြည်နယ်မှာ ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ ထပ်မံ တွေ့ဆုံကြဖို့ရှိပါတယ်။ အဲ့ဒီကျရင်တော့ အစိုးရဘက်က ရေးဆွဲထားတဲ့ အခန်း ၁၄ ခန်းပါ အဆိုပြုချက်နဲ့ UNFC ဘက်က ရေးဆွဲထားတဲ့ အချက် ၁၁ ချက်ပါ အဆိုပြုချက်ကို ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ပြည်နယ်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်ကာလက မရှိခဲ့တဲ့ တပ်မတော်မူ ၆ ချက်ကိစ္စကိုလည်း တိုင်းရင်းသားတွေဘက်က အသေအချာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဦးနိုင်ဟံသာက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

UNFC ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် တနင်္လာနေ့ကျရင်တော့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ပြီးတော့ NDF အမျိုးသားဒီမိုကရေစီအင်အားစုက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားပြီး အင်္ဂါနေ့မနက်ပိုင်းမှာတော့ ရန်ကုန်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG