မြန်မာနိုင်ငံမြောက်ပိုင်း ခါကာဘိုရာဇီနဲ့ ဖုန်ကန်ရာဇီ ဘေးမဲ့တောတွေ ပါဝင်တဲ့ ဒေသကို ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးရဲ့ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ် ကြေညာနိုင်ဖို့အတွက် UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ နှစ်ပတ်လည်ညီလာခံမှာ အမည်စာရင်းတင်သွင်းဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သိပ္ပံပညာရှင်တွေက သဘောတူခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုနဲ့ နောင်မွန်း မြို့နယ်တွေက ခါကာဘိုရာဇီ နဲ့ ဖုန်ကန်ရာဇီ သဘာ၀ ဘေးမဲ့တောတွေ အပါအဝင် အကျယ်အဝန်း ၁၁၂၈၀ စတုရန်း ကီလိုမီတာ အကျယ်ရှိတဲ့ ဒေသကို (Northern Mountain Forest Complex) မြန်မာ့မြောက်ဖျား တောင်ပေါ် ဆက်စပ် သစ်တောဒေသ ဆိုတဲ့ နာမည်နဲ့ UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံမှာ အမည်စာရင်း တင်သွင်းဖို့ ပြီးခဲ့တဲ့လက ရန်ကုန်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ကုလသမဂ္ဂ UNESCO အဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ပြည်တွင်းပြည်ပ သိပ္ပံပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး၊ လက်ရှိ မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်နိုင်ဖို့ Tentative list အဖြစ် ယာယီစာရင်း ပြုစုထားတဲ့ ယဉ်ကျေးမှုနဲ့ သဘာဝနေရာ ၁၄ ခု ရှိတဲ့အနက်၊ မြန်မာနိုင်ငံ မြောက်ပိုင်းက ဆက်စပ် သစ်တောတွေကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ဖို့အတွက် UNESCO ညီလာခံမှာ အဆိုပြုပြီး အမည်စာရင်းတင်သွင်းဖို့ သဘောတူခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို သစ်ခွသုတေသန လုပ်ဖို့ အကြိမ်ကြိမ် ခရီးသွားရောက်ခဲ့ပြီး၊ ဒီအစည်းအဝေးကိုလည်း သိပ္ပံပညာရှင်တဦးအဖြစ် တက်ရောက်ခဲ့တဲ့ ဦးစောလွင်က ခုလို ပြောပါတယ်။
“ဒီဟာကတော့ သစ်တောနဲ့ UNESCO နဲ့ ပေါင်းပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ လောက်ကတည်းက စတင်တဲ့ လုပ်ငန်းစဉ်ပါ။ အခုကတော့ လာမယ့်နှစ်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်ဖို့အတွက်ကို UNESCO ညီလာခံမှာ အဲဒီဟာတွေ တင်ပြရမယ်။ တင်ပြတဲ့အခါမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေကနေ လေ့လာထားတဲ့ အချက်အလက်တွေ အကုန်လုံးကို ဆွေးနွေးပြီးတော့ ဒီဒေသကြီးကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် လုပ်ဖို့အတွက် အားလုံးကနေ ထောက်ခံကြပါတယ်ဆိုပြီးတော့ ပညာရှင်တွေ အားလုံးပေါင်းပြီးတော့ ကြေညာချက်တခုပေါ့ အဲဒါလည်း သစ်တောဝန်ကြီးဌာနကတဆင့် နောက်ပိုင်း UNESCO တင်တဲ့အခါမှာ ထည့်သွင်းဖို့ပေါ့နော်။ ဒီလုပ်ငန်းစဉ်ကတော့ ကြာပါမယ်။ ၂၀၁၇ မှာ နောက်ဆုံးထားပြီးတော့ တင်ပြရမယ်။ ၂၀၁၉ လောက်မှ အတည်ပြုတယ်၊ မပြုဘူးဆိုတာကို ထုတ်ပြန်မှာပေါ့။”
အခု အဆိုပြုထားတဲ့ မြန်မာနိုင်ငံမြောက်ဖျားက သစ်တောဒေသမှာ အရှေ့တောင်အာရှမှာ အမြင့်ဆုံး ခါကာဘိုရာဇီတောင်နဲ့ ဧရာဝတီမြစ် မြစ်ဖျားခံရာ ရေဝေဒေသတွေ တည်ရှိနေပါတယ်။ ဒါ့အပြင် ဒီဒေသဟာ သမပိုင်း ရာသီဥတုနဲ့ အပူပိုင်းရာသီဥတု နှစ်ခု ဆုံတွေ့ရာ ဒေသဖြစ်လာပြီး၊ အပူပိုင်း အမြဲစိမ်းတောတွေကနေ၊ သမပိုင်း ရွက်ပြတ်တော၊ အလယ်ပိုင်းဒေသ မြက်ခင်းပြင်တွေအပြင်နဲ့ အမြင့်ပေ မီတာ ၅၀၀၀ ကျော် နှင်းဖုံးတောင်တန်းတွေပါ တည်ရှိပါတယ်။ ဒီဒေသမှာ မျိုးတုံးပျောက်ကွယ်ဖို့ ရှိနေတဲ့ ပန်းမန်နဲ့ သားရဲတိရစ္ဆာန်မျိုးစိတ် အမြောက်အများ တွေ့ရှိတဲ့အပြင်၊ မြန်မာနိုင်ငံမှာပဲရှိတဲ့ မျိုးစိတ်အချို့ရှိတဲ့ ဒေသလည်းဖြစ်တာကြောင့် ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းဖို့ ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ သိပ္ပံပညာရှင်တွေ အားလုံးက ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံမြောက်ပိုင်း သစ်တောတွေကို UNESCO ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခံရရင် ဒေသခံတွေနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးရှိမလဲ ဆိုတာကိုလည်း သူက ခုလို ပြောပြပါတယ်။
“ကမ္ဘာ့အမွေအနှစ်ဖြစ်သွားပြီဆိုရင် လူသားအားလုံးနဲ့လည်း သက်ဆိုင်တယ်။ နောက် UNESCO က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျနော်တို့က လိုက်နာဆောင်ရွက်ရမယ်။ အခုဆိုရင်တော့ ခိုင်မာဖို့လည်း ကျနော်တို့က ပိုပြီးတော့ ကြိုးစားရမယ်။ သုတေသနလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်နိုင်တယ်။ ပိုပြီးတော့လည်း အကူအညီတွေ ရနိုင်တယ်။ အဲဒါအပြင် ကမ္ဘာ့အမွေအနှစ်ဒေသကြီး ဖြစ်ပြီဆိုရင် ကမ္ဘာကလည်း သိသွားရင် ကျနော်တို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေအတွက်လည်း ဧည့်သည်တွေလည်း အများကြီး လေ့လာနိုင်မယ်။ ကိုယ့်ပြည်တွင်းက လူတွေလည်း ပိုပြီးတော့ လေ့လာနိုင်မယ်။ နောက်ပြီးတော့ ကျန်တဲ့ သစ်ခုတ်လုပ်ရေးတွေလည်း လုပ်လို့မရဘူး။ အခုရှိနေတဲ့ လူဦးရေကလည်း တော်တော်လေး နည်းပါတယ်။ ဒီဒေသကြီး တခုလုံးမှာမှ စာရင်းအရဆိုရင် လူဦးရေ ၁ ထောင်အောက်မှာပဲ ရှိတယ်။ အဲတော့ သူတို့အတွက် အမဲလိုက်တာတွေ ဘာတွေ မလုပ်ဖို့၊ တောင်ယာစနစ်တွေလည်း တဖြေးဖြေးနဲ့ လျော့နည်း ပပျောက်ပြီးတော့ အမြဲတမ်းစနစ်တကျ စိုက်ပျိုးတဲ့ကိစ္စတွေ အကုန်လုံးပေါ့ အဲဒါတွေ အကုန်လုံး ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေ နည်းပညာတွေ ပိုရလာမှာပေါ့။”
မြန်မာနိုင်ငံမှာ ရှိတဲ့ ထင်ရှားတဲ့ ယဉ်ကျေးမှုနဲ့ သဘာ၀ နေရာတွေကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်နိုင်ဖို့အတွက် tentative list လို့ခေါ်တဲ့ ယာယီစာရင်းပြုစုရာမှာ ပုဂံရှေးဟောင်း အမွေအနှစ်ဒေသ၊ မန္တလေးမြို့နဲ့ အနီးတဝိုက်က ကုန်းဘောင်ခေတ် ဘုန်းတော်ကြီးကျောင်းတွေ၊ ရှမ်းပြည်နယ် ပြဒါးလင်းဂူ၊ အင်း၀ အမရပူရ၊ စစ်ကိုင်း မင်းကွန်း စတဲ့ ရှေးမြို့ဟောင်းများ၊ ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်း အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ ပဲခူးနဲ့ ဟံသာဝတီ မွန်မြို့ဟောင်းများ၊ ဧရာဝတီမြစ် စင်္ကြန်ဒေသ၊ အင်းတော်ကြီးကန် ဘေးမဲ့တော၊ နတ်မတော် အမျိုးသားဥယျာဉ်၊ မြိတ်ကျွန်းစု၊ ဟူးကောင်းတောင်ကြား ဘေးမဲ့တော၊ တနင်္သာရီတိုင်း သစ်တောဒေသတွေနဲ့ အခု အဆိုပြုတင်သွင်းမယ့် မြန်မာ့မြောက်ဖျား ဆက်စပ် သစ်တောဒေသ စတဲ့ နေရာ ၁၄ ခု ပါဝင်ပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လက ကာတာနိုင်ငံမှာ ပြုလုပ်တဲ့ UNESCO ကမ္ဘာ့အအမွေအနှစ် ကော်မတီညီလာခံမှာ မြန်မာနိုင်ငံအလယ်ပိုင်း ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခတ္တရာ၊ ပျူ မြို့ သုံး မြို့ကို ကမ္ဘာ့ အမွေအနှစ် နေရာအဖြစ် သတ်မှတ်ကြောင်း ကြေငြာနိုင်ခဲ့ပြီး၊ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော ကမ္ဘာ့ အမွေအနှစ် နေရာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုနဲ့ သဘာ၀ အမွေအနှစ် နေရာတွေ အမြောက်အများရှိနေပေမဲ့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အောင် လုပ်ဆောင်နိုင်မှု အားနည်းနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာ အပါအဝင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် နေရာ ၃၇ နေရာရှိတဲ့အနက် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်မှာ ၈ နေရာ၊ ဖိလစ်ပိုင်မှာ ၆ နေရာ၊ ထိုင်းမှာ ၅ နေရာ၊ မလေးရှားမှာ ၄ နေရာ၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာ ၂ နေရာစီနဲ့ မြန်မာနဲ့ စင်္ကာပူမှာ ၁ နေရာစီ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လက ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် နောက်ဆုံး သတ်မှတ်ခံခဲ့ရတဲ့ နေရာက စင်္ကာပူနိုင်ငံက ရုက္ခဗေဒဥယျာဉ် ဖြစ်ပါတယ်။