စစ်ကောင်စီလက်ထက်မှာ အထိန်းအကွပ်မဲ့လာတဲ့ ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တောဆုံးရှုံးမှုပမာဏဟာ စိုးရိမ်စရာ အခြေအနေနဲ့ ကြုံနေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေသူတွေနဲ့ သုတေသန ပညာရှင်တွေက ဇွန်လ ၅ ရက်နေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သတိပေးလိုက်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဟာ ရွှေနဲ့ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တောဆုံးရှုံးမှုပမာဏ များလာပြီး ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်နေရပြီလို့ ဇွန်လ ၅ ရက်မှာ ကျရောက်တဲ့ World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ) ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
စီးပွားဖြစ်နေလာတဲ့ ရွှေကို နေရာအနှံ့မှာ တူးဖော်နေတာကြောင့် မြေယာတွေပျက်စီးပြီး အဆိပ်သင့်ညစ်ညမ်းလာနေတာပါ။ အလားတူပဲ တရုတ်နိုင်ငံရဲ့လိုအပ်ချက်ကြောင့် မြေရှားသတ္တုတွေ တိုးချဲ့ထုတ်လုပ်ရင်း မြေဆီလွှာပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနဲ့ မြေယာပိုင်ဆိုင်မှုဆုံးရှုံးတာတွေ ကချင်မှာ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုအပါအဝင် ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေသူတဦးက သူ့ရဲ့အမြင် အခုလိုပြောပါတယ်။
"ထိခိုက်တာတော့ အများကြီးပါပဲ၊ သူတို့ရဲ့အေးချမ်းနေတဲ့ လူမှုအသိုက်အမြုံလည်း ငွေကြေးကြောင့် အချင်းချင်း အဖွဲ့တွေ ကွဲကြတာပေါ့။ တချို့ဟာတွေလည်း ငွေကြေးအမောင့် (amount) များတဲ့အခါကျတော့ လျော်ကြေးအနေနဲ့ပေးတာကို လက်ခံသင့်တဲ့အဖွဲ့နဲ့ လုံးဝလက်မခံသင့်တဲ့ အဖွဲ့ဆိုပြီး သာယာနေတဲ့ သူတို့အသိုက်အမြုံအချင်းချင်း အဖွဲ့ကွဲတွေ ဖြစ်တာပေါ့။ စိုက်ပျိုးမြေတွေလည်း ပျက်စီးရတာပေါ့။ လုပ်ငန်းခွင်ဒေသရှိတဲ့ ချောင်း၊ မြောင်း၊ အင်းအိုင် သက်ရှိသတ္တဝါအားလုံး မျိုးတုံးပျောက်ကွယ်ခြင်းတွေ ဖြစ်နေတာပေါ့။ ဒီနေရာမှာ သူတို့ တူးဖော်လိုက်ရင် နေလို့မရ၊ လျော်ကြေးပေး ရောင်းလိုက်ပြီး တနယ်တကျေးမှာ ပြန်ပြီး နေထိုင်ရတာတွေလည်း ရှိပါတယ်။ အများကြီးပါပဲ။"
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာတောင် ပုံမှန်မိုးရွာတဲ့ အခြေအနေမှာ ရေကြီး၊ ရေလျှံဖြစ်ပေါ်ခဲ့လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတဲ့အခြေအနေကို ဒေသခံတွေက သတိပြုမိခဲ့ကြပါတယ်။ စည်းလွတ်၊ ဘောင်လွတ် တူးဖော်နေတဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေလည်း ကချင်ပြည်နယ်ကစလို့ ဧရာတီမြစ်တကြောနဲ့ တနင်္သာရီတိုင်းထဲမှာ ပေါများလာပါတယ်။ မွန်ပြည်နယ်က သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။
"ဘယ်သူမှထိန်းသိမ်းတဲ့ဟာ မရှိတော့ဘူး။ ပိုက်ဆံပေးရင် ရတယ်ပေါ့၊ ဘယ်သူမှလည်း စောင့်ကြည့်ပြီးတော့ သဘာဝပတ်ဝန်းကျင်အတွက် ကာကွယ်ထိန်းသိမ်းမဲ့ ဂရုစိုက်မဲ့သူလည်း အရမ်းအားနည်းသွားပြီ။ စိုးရိမ်စရာလို့ ပြောမယ်ဆို တကယ့်ကို စိုးရိမ်စရာပဲ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီထက်အရေးကြီးတဲ့ ပြဿနာကရှိနေတဲ့အခါကျတော့ အများစုက ဒီကိစ္စတွေကို အာရုံမစိုက်ကြဘူးပေါ့နော်။ တတ်နိုင်တဲ့ဘက်ကနေ ဝင်ပြီးလုပ်ဖို့ လိုတာပေါ့နော်။ ဥပမာ လက်နက်ကိုင်ပြီး အကုန်လုံးတိုက်တာမှ မဟုတ်တာဗျာ၊ အဲဒီတော့ ဒီဘက်အခြမ်းမှာ ဘာတွေလုပ်ပေးလို့ရလဲ၊ ဘာတွေလုပ်နိုင်လဲ ဆိုတဲ့လူတွေက လုပ်ဖို့လိုတယ်ပေါ့နော်။"
စနစ်မကျတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်မှုတွေအားလုံးဟာ စစ်ကောင်စီ၊ လက်နက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသား စိုးမိုးနယ်မြေ အားလုံးနီးပါးမှာ ဖြစ်ပေါ်နေတာပါ။ အခု ၂၀၂၄ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်နေကြောင်း ပညာရှင်တွေက ပြောပါတယ်။ "မြေယာပြန်လည် ထူထောင်ရေး၊ သဲကန္တာရနှင့် မိုးခေါင်ရေရှားမှုကို ခံနိုင်ရေရှိရေး" ဆိုတဲ့ ဒီနှစ်ရဲ့ ဆောင်ပုဒ်အတိုင်းပဲ မြန်မာနိုင်ငံက ဒီလိုအခြေအနေထဲက ရုန်းထွက်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မြေယာဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ Insight Research Corner က အမှုဆောင်ဒါရိုက်တာ ဒေါက်တာလွင်လွင်ဝေက ပြောပါတယ်။ မြေယာကြောင့် နယ်မြေစိုးမိုးမှု အပြိုင်အဆိုင်ပဋိပက္ခ၊ အရင်းအမြစ် အပြိုင်ရယူချင်တဲ့ ပဋိပက္ခနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေ ဖြစ်လာရတယ်လို့ သူကပြောပါတယ်။
မြေယာမှာ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ မရှိတဲ့အတွက် မြေယာပြဿနာအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေက အားနည်းချက် ဖြစ်လာတယ်လို့ သူကပြောပါတယ်။
" သစ်တောကဏ္ဍကို ကြည့်မယ်ဆိုရင်၂၀၁၀ မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သဘဝသစ်တောက ၃၉.၆ မဂ္ဂါဟက်တာရှိတယ်၊ ဒါက ကုန်းမြေဧရိယာရဲ့ ၆၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြထားတယ်။ ၂၀၂၃ မှာ မြန်မာနိုင်ငံရဲ့ သဘာဝသစ်တောတွေ ဆုံးရှုံးလာလဲဆိုရင် ၂၉၀ ကီလိုဟက်တာ ဆုံးရှုံးခဲ့တာမျိုးဖြစ်တယ်။ အဲဒီအတွက် မြန်မာနိုင်ငံဟာ ဒေသတွင်းရာသီဥတု ပိုပြီပူလာတယ်၊ ပိုပြီးခြောက်လာတယ်ပေါ့နော်။ ဒါတွေက သစ်တောဆုံးရှုံးမှုနဲ့ သွားပြီး ဆက်နွယ်တာမျိုး ဖြစ်တယ်ပေါ့နော်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မမျှတမှုတွေကို လူ့အဖွဲ့အစည်းကပဲ ကြုံတွေ့ခံစားရတာမျိုး ဖြစ်တယ်ပေါ့နော်။"
ကချင်၊ စစ်ကိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်းမှာ တူးဖော်ခဲ့တဲ့ ရွှေအပါအဝင် သတ္တုတူးဖော်မှုက ၂၀၁၅ မှာ မြေဟက်တာပေါင်း ၉၀,၀၀၀ ကျော်ရှိပြီး အာဏာသိမ်းမှု နောက်ပိုင်းမှာ ဒီထက်များလာတယ်လို့ ၂၀၂၂ က စစ်တမ်းတချို့မှာ ဖော်ပြခဲ့ပါတယ်။ မြေရှားသတ္ထု ထုတ်လုပ်မှုကလည်း ၂၀၂၁ မှာ တန်ချိန် ၁၉,၅၀၀ ပဲ ရှိခဲ့ပေမဲ့ ၂၀၂၃ မှာတော့ တန်ချိန် ၄၁,၇၀၀ အထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။ ကချင် အထူးဒေသ (၁) က ချောင်း၊ မြောင်း ရေနမူနာကို စစ်ဆေးကြည့်ခဲ့တဲ့ ရလဒ်အရဆိုရင် အက်ဆစ်ဓာတ်လွန်ကဲပြီး အာဆင်းနစ်ပါဝင်မှု ပမာဏလည်း များနေတယ်လို့ Insight Research Corner မြန်မာသုတေသနအဖွဲ့က ဖော်ပြထားပါတယ်။
Forum