အထူးစီးပွားရေးဇုံတွေဟာ စီးပွားရေး ဖွံ့ဖြိုးမှု တခုတည်း အတွက်တင် မဟုတ်ဘဲ လူမှုရေး တရားမျှတမှု၊ ဥတုရာသီ ပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကိုပါ အလေးထားဖို့ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာမှာ အလေးပေး တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိ သီလဝါ အထူးစီးပွားရေးဇုံမှာတော့ မြေယာလျော်ကြေးကိစ္စ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေပြီး လူမှုရေး တရားမျှတမှု အတွက်လည်း ကြိုးပမ်းနေရဆဲ ဖြစ်တယ်လို့ ပြောဆိုလာတဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အေးမြမြမျိုးနဲ့ ဆက်သွယ်ပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု အစီရင်ခံစာမှာတော့ အထူးစီးပွားရေးဇုံတွေကို အလေးပေး ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ကမ္ဘာပေါ်မှာ အထူးစီးပွားရေးဇုံပေါင်း ၁၀၀၀ တည်ထောင်ခဲ့ကြပြီး လာမယ့်နှစ်တွေ အတွင်း နောက်ထပ် ၅၀၀ ထပ်ပြီး ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာဌာန ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ္ဍာရေးရုံးရဲ့ ညွှန်ကြားရေးမှူး Navid Hanif ကတော့ အထူးစီးပွားရေးဇုံတွေက စီးပွားရေး ဖွံ့ဖြိုးမှုတင် မဟုတ်ဘဲ လူမှုရေး တရားမျှတမှုကိုပါ အလေးထားကြဖို့ တိုက်တွန်းထားပါတယ်။
“အနာဂတ် အထူးစီးပွားရေးဇုံတွေ အနေနဲ့တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်တင် မဟုတ်ဘဲ လူမှုရေး အကျိုးအမြတ်တွေကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး၊ လူမှုအသိုင်းအဝိုင်းကြား သာတူညီမျှမှု ရှိရေးကို ဖန်တီးပေးနိုင်ရေးကိုလည်း အထောက်အကူ ဖြစ်စေဖို့ သင့်ပါတယ်။ ဆိုလိုတာကတော့ ဒီအထူးစီးပါားရေးဇုံတွေကို စောင့်ကြည့် သုံးသပ်တာမှာ လူမှုရေး ဆိုင်ရာ အခြေအနေတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ တိုင်းတာ သတ်မှတ်ချက်တွေလည်း ပါဝင်လာမှာပါ။ ”
မြန်မာနိုင်ငံမှာလည်း လက်ရှိမှာ သီလဝါ အထူးစီးပွားရေးဇုံ ရှိနေပြီ ဖြစ်ပြီး နောက်ထပ် အထူးစီးပွားရေးဇုံတွေလည်း ထပ်ပြီး ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင်းက လက်ရှိ လည်ပတ်နေပြီ ဖြစ်တဲ့ သီလဝါ အထူးစီးပွားရေးဇုံကတော့ နိုင်ငံ စီးပွားဖွံ့ဖြိုးရေး အတွက် အလားအလာ ကောင်းအဖြစ် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အေးမြမြမျိုးက ထောက်ခံပါတယ်။ ဒါပေမယ့် မြေယာလျော်ကြေးကိစ္စ တချို့ မပြီးပြတ်သေးဘူးလို့လည်း ထောက်ပြပါတယ်။
“ အကောင်အထည်ဖော်တဲ့ အပိုင်းလိုက် သူတို့ လျော်တာတွေ ရှိတယ်။ တချို့လည်း သူတို့ တော်တော် အဆင်ပြေသွားတယ်။ ရတယ်ပေါ့နော်။ ဒါပေမယ့် အဆင်မပြေတာလည်း ကျန်သေးတယ်။ အထူးသဖြင့် ဘယ်လို အဆင်ပြေလဲ ဆိုတော့ ကျမတို့ သီလဝါ အထူးစီးပွားရေးဇုံ ထဲမှာပါတဲ့ သူတွေကို ဖယ်ခိုင်းပြီးတော့မှ နေရာပြန်ရွှေ့တာပေါ့နော်။ အဲတော့ ပြန်ရွှေ့တော့သူတို့ အိမ်ယာတွေ ဖော်တယ်။ ဖော်တော့ အဲဒီနေရာမှာ မြေပြန်သိမ်းရတယ်ပေါ့။ အဲဒီနေရာမှာ ရှိတဲ့ တောင်သူတွေနားကနေ မြေပြန်သိမ်းတယ်။ ပေးပါမယ် ဆိုတဲ့ ကတိကဝတ်နဲ့ ပေးတယ်။ အခုအချိန်ထိအောင် သီးနှံတွေကတော့ စွန့်လွှတ်လိုက်ရတယ်။ ဒါပေမယ့်လည်း အဲဒီနေရာက လူတွေ မရသေးဘူးပေါ့။ အဲလို အချက် တချို့တော့ ရှိတယ်။ မူဝါဒတော့ အရမ်းကောင်းတယ်။ မူအတိုင်း အကောင်အထည်ဖော်ဖို့နဲ့ အဲဒီ အတိုင်း လျော်ကြေးကို အမြန်ဆုံး ပေးဖို့ အတွက်ပေါ့နော်။ အဲလိုလေးတော့ ဆောင်ရွက်ထားတာ ရှိပါတယ်ရှင့်။”
မြေယာလျော်ကြေး ကိစ္စကို မြေသိမ်းခံရသူတွေနဲ့ တာဝန်ရှိသူတွေကြား အချင်းချင်း ညှိနှိုင်းမှုနဲ့ အဆင်ပြေသွားကြတာ ရှိသလို အဆင်မပြေမှသာ လွှတ်တော် အမတ်က သိရတာမျိုး ဖြစ်ပါတယ်လို့လည်း ဒေါ်အေးမြမြမျိုးက ပြောပြပါတယ်။
“ နောက်တခုက ကျတော့ သီလဝါ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီက လုပ်တဲ့ အပေါ်မှာ အထူးသဖြင့် ဒီမြေယာ လျော်ကြေးပေးတဲ့ အပေါ်မှာ ပွင့်လင်းမြင်သာမှု အင်မတန် အားနည်းတယ်။ ကျမဆိုရင် မသိဘူး။ ပြသနာ ဖြစ်တဲ့ အချိန် ကျမဆီ ရောက်လာမှသာ သိရတာ။ ပြေလည်သွားပြီ လက်သိပ်ထိုး အဆင်ပြေသွားပြီ ဆိုရင် မသိဘူးပေါ့။ နောက်တခုက မူကတော့ ကောင်းတယ် JICA ရဲ့ မူပေါ့နော်။ နောက်တခုက အကောင်အထည်ဖော်နေတဲ့ သူတွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပိုင်းတွေ၊ တယောက်တမျိုး လုပ်တဲ့ အပိုင်းတွေက ကျမတို့ အရမ်း ပြန်ကြားရတယ်ပေါ့။ ကျမ ဝန်ကြီးတွေနဲ့ တွေ့တဲ့ အခါ တိုင်းဒေသကြီး ဝန်ကြီးတွေက ပြည်ထောင်စုက ကိုင်တယ်လို့ ပြောတယ်။ ပြည်ထောင်စုက ဝန်ကြီးတွေက ပြောလို့ ရှိရင် မြေယာ လျော်ကြေး ကိစ္စက တိုင်းဒေသကြီးကလို့ ပြောတယ်ပေါ့နော်။ အဲလိုမျိုးကိစ္စတွေက အခုထိ ရှိနေတာ။ အဲဒါတော့ ကျမက သဘောမကျဘူး။ ဒါ အမှန်အတိုင်း ပြောတာပေါ့နော်။ ”
မြေယာလျော်ကြေး ကိစ္စတွေ ဆောင်ရွက်ပေးနေပြီး လွှတ်တော်တွင်းမှာလည်း သီလဝါ အထူးစီးပွားရေးဇုံ အရေး ဆွေးနွေးနေတဲ့ လွှတ်တော် အမတ် ဒေါ်အေးမြမြမျိုးကတော့ အစိုးရ ယန္တယားတွင်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုက အင်မတန်မှကို အားနည်းပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာလည်း တခါတလေ ရှင်းရှင်းလင်းလင်း မရှိဘဲ ဖြေရှင်းရ ခက်တယ်လို့လည်း ထောက်ပြပါတယ်။
“ အဓိကကတော့ စီမံခန့်ခွဲမှု ကော်မတီရယ်၊ ပြည်ထောင်စု အစိုးရရယ်၊ ရန်ကုန်တိုင်း အစိုးရရယ် ဒီ ဒေသဆိုင်ရာတွေရဲ့ ပေါင်းစပ် ညှိနှိုင်းမှုက တော်တော်လေးကို နည်းတယ်လို့ ပြောရမယ်ပေါ့နော်။ ဆိုတော့ ကျမကတော့ ပထမဆုံး တာဝန်ကျလာ ကတည်းက အဓိကကတော့ ဒီမြေယာ လျော်ကြေးကိစ္စနဲ့ ပြန်လည်နေရာချထားရေးဇုံက ပြည်သူတွေ အဆင်မပြေမှုကို ကျမက မြင်ရတော့လေ။ အရင် အစိုးရက လုပ်ခဲ့တယ်ပေါ့လေ။ ကျမတို့ အစိုးရခေတ်မှာတော့ ဒီလို မဖြစ်ချင်ပါဘူး။ အဆင်ပြေတာ ဖြစ်ချင်တယ်ဆိုတော့ ပြည်ထောင်စု ဝန်ကြီးကတော့ လုပ်တဲ့ အစီအစဉ်တွေ ပွင့်လင်းမြင်သာစွာ ချပြပါမယ် ဘာညာ ကတိပေးတယ်ပေါ့။
ဒါပေမယ့်လည်း အဲဒီ အတိုင်း ဖြစ်မလာဘူး။ ကျမ မဲဆန္ဒနယ်ကို ပြန်လာတဲ့ အခါကျတော့ ပြည်ထောင်စု ဝန်ကြီးနဲ့ အဲလို ဆွေးနွေးနေပြီးတော့ ပြန်လာတဲ့ အချိန်မှာ ခနနေတုန်းက ကျမပြောတဲ့ အဆင်မပြေသေးဘူးဆိုတဲ့ နေရာမှာ အိမ်တွေဆောက်ပစ်လိုက်ပြီ။ အဲဒီ ပြန်လည် နေရာချထားရေးကို ဘယ်လို တာဝန်ယူပါ့မယ်၊ ဘယ်လို လုပ်ပါမယ်ဆိုတာကို ရှင်းမပြတဲ့ အပြင်ကို အိမ်တွေပါ ဆောက်ပစ်လိုက်တာ။ ပိုဆိုးတာက အဲဒီနေရာက မြေယာ လျော်ကြေးကို မပေးဘူး။
အဲဒီ နေရာမှာ ရှိနေတဲ့ တောင်သူတွေကို ညှိနှိုင်းပြီး ဖယ်ခိုင်းလိုက်တယ်။ ကတိပေးလိုက်တယ်ပေါ့နော်။ တောင်သူတွေကလည်း ယုံကြည်ပြီးတော့မှ ဖယ်ပေးလိုက်တယ်။ ဒါပေမယ့်လည်း ဖယ်ပေးလိုက်တဲ့ အထိကို မြေယာ လျော်ကြေး မရဘူးပေါ့။ ဆိုတဲ့ အခါကျတော့ အဲလိုမျိုး ကွာဟတာတွေ ရှိတယ်။ ”
နောက်တချက်ကတော့ မြေယာ ဆုံးရှုံးရသူတွေ အလုပ်အကိုင် ရရှိရေး ဖြစ်ပါတယ်။ မိရိုးဖလာ လယ်သမားတွေ အနေနဲ့ မြေယာ ဆုံးရှုံးလို့ အလုပ်လက်မဲ့ ဖြစ်တဲ့ အခြေအနေမှာ အထူးစီးပွားရေးဇုံမှာ အလုပ်အကိုင် မရနိုင်တဲ့ အခြေအနေကလည်း ရှိနေပြန်တော့ လူမှုရေး တရားမျှတမှု ဖွံ့ဖြိုးမှု အတွက်တော့ ဆက်ပြီး ကြိုးစားကြရအုံးမှာ ဖြစ်တယ်လို့လည်း ကျောက်တန်း လွှတ်တော် အမတ် ဒေါ်အေးမြမြမျိုးက အခုလို ပြောဆိုပါတယ်။
“ စီးပွားရေး အရ တိုးတက်လာတယ်။ အရမ်းကောင်းတယ်။ နိုင်ငံရဲ့ အားထားရမယ့် စီမံကိန်းလည်း ဖြစ်တယ်ပေါ့နော်။ ကျမ အရမ်း ဝမ်းသာတယ်၊ ကျေးဇူးတင်တယ်။ သို့သော်လည်းဘဲ ကျမတို့ ဒေသက လူတွေက မြေယာတွေ အများကြီး ပိုင်ဆိုင်ပြီးတော့မှ စွန့်လွှတ်ပေးပြီးတော့မှ ဒီနေရာမှာ နိုင်ငံ့ စီးပွားတက်မယ်၊ နိုင်ငံ့ ဝင်ငွေတက်မယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ကောင်းမယ်။ ဒီဒေသက ကျမတို့ နေတဲ့သူတွေကရော ဒီရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လိုက်ပါဖို့ လိုတယ်ပေါ့။ ကျမ တစိုက်မတ်မတ် တောင်းဆိုတာ ဒီဟာပါဘဲ။
လတ်တလော အခြေအနေအရ တခြားသူတွေ အလုပ်အကိုင် အခွင့်အလမ်းရတာလည်း မှန်တယ်။ ပြန်လည် နေရာချထားတဲ့ နေရာက အိမ်လေး အနည်းငယ်လောက်မှာ ရှိတဲ့ လူတွေရဲ့ ဘဝတွေကိုတောင်မှ ကျမတို့ မကယ်တင်နိုင်ဘူးပေါ့နော်။ ကျမတို့ဆီက လူတွေက တောင်သူတွေ များတယ်။ မြေယာနဲ့ အသက်မွေးတဲ့သူ များတယ်။ စက်မှုဇုံကြီးမှာ အသက်မွေး ဝမ်းကျောင်း လုပ်ဖို့ အတွက် အရည်အချင်းပိုင်းကို ကျမတို့ Ready (အဆင်သင့်) ဖြစ်မနေဘူးပေါ့နော်။
ဆိုတဲ့ အခါကျတော့ မြေတွေ စွန့်လိုက်ရတယ်၊ လျော်ကြေးကတော့ ရတယ်ပေါ့နော်။ ရတဲ့ လျော်ကြေးပေါ်မှာ တိုးပွားအောင် လုပ်ဖို့ စီမံခန့်ခွဲဖို့ စီးပွားရှာဖို့ ဆိုတာလည်း အဆင်သင့် မဖြစ်လိုက်တော့ ပိုက်ဆံက သုံးတော့ ကုန်သွားတယ်ပေါ့လေ။ ဆိုတဲ့ အခါကျတော့ အဲဒီမှာ ရှိတဲ့လူတွေက ဇုံမှာ ပြန်လုပ်လိုတယ် ဆိုရင်လည်း ခြံစောင့် အလုပ်တို့ ဒီ အောက်ခြေသိမ်း အလုပ်တို့ဆိုရင် မလောက်ဘူးပေါ့နော်။ မလောက်ငဘူးပေါ့။ အဲလိုဆိုတော့ အဆင်မပြေတဲ့ ဘဝတွေ အများကြီး ရှိတယ်။ အဲဒီ အပေါ်မှာတော့ ပြန်ကုစားဖို့ အဆင့်ဆင့် တင်ပြပြီးတော့မှ ဒီထက်ပို ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေ ရဖို့အတွက်တော့ ကြိုးစားနေပါတယ်။ ”