သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူသားချင်းစာနာမှု အကြီးအကဲ မြန်မာခရီးစတင်


မှတ်တမ်းဓာတ်ပုံ - ကုလလူသားချင်း စာနာမှု အကြီးအကဲ Ursula Mueller နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ်။ (Myanmar State Counsellor Office)
မှတ်တမ်းဓာတ်ပုံ - ကုလလူသားချင်း စာနာမှု အကြီးအကဲ Ursula Mueller နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ်။ (Myanmar State Counsellor Office)

ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်း ဖြစ်တဲ့ Ursula Mueller ရဲ့ သီတင်းတပတ်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ မေလ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွါးရာဒေသတွေက အကူအညီ လိုအပ်နေသူတွေဆီ သွားရောက် ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှုး Ursula Mueller ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ စတုတ္တ အကြိမ်မြောက် အာဆီယံနဲ့ ကုလသမဂ္ဂ ဝန်ကြီးများအဆင့် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ကြာသပတေး နေ့မှာတော့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့ နယူးယောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ မစ္စ Mueller ဟာ မနက်ဖန် မေလ ၉ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေနေတွေကို ကိုယ်တိုင်ကြည့်ရှုလေ့လာမှာ ဖြစ်သလို ပဋိပက္ခတွေရဲ့ သက်ရောက်မှု တွေကို လေ့လာမှာ ဖြစ်ပါတယ်။

မစ္စ Ursula Mueller ရဲ့အခုခရီးအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူတွေ၊ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ တေ့ွဆုံဖို့ရှိသလို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရှိတဲ့ စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်ဖို့ရှိ နေတာပါ။”

လက်ရှိမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတဲ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကြား မကြာသေးခင်ကပဲ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က မနှစ်က ဒီဇင်ဘာ ၂၁ ရက်မှာ ၄ လတာ တဖက်သတ် အပစ်ရပ် ကြေညာခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ဧပြီလကုန်မှာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ် နယ်မြေ ၅ခုအတွက် ငြိမ်းချမ်းရေး စာချုပ်ကာလကို ဇွန်လကုန်အထိ ၂လ ထပ်မံတိုးမြှင့်ထားတာပါ။ ဒါပေမယ့် ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့နဲ့တော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတဲ့အတွက် ဒေသတွင်း စစ်ရှောင်ဒုက္ခသည်တွေ တိုးလာနေတာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့် ကြုံလာရတဲ့ သက်ရောက်မှုတွေကို လေ့လာပြီး အိုးအိမ်စွန့်ခွာခဲ့ရသူတွေနဲ့ အန္တရာယ်ကြုံနိုင်တဲ့ သူတွေအတွက် ရေရှည်ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေကို မစ္စ Mueller က သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း Farhan Haq ကပြောပါတယ်။

“ မစ္စ Mueller ဟာ အစိုးရအကြီးတန်း အရာရှိကြီးတွေ၊ တိုက်ပွဲဖြစ်ပွါးရာဒေသတွေက ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံတဲ့အခါမှာ လူသားချင်းစာနာမှု အကူညီတွေပေးရေး တိုးတက်မှုရအောင် ဘယ်လိုလုပ်နိုင်မယ် ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ”

တိုက်ပွဲတွေဖြစ်ပွါးနေတဲ့နေရာက ထွက်ပြေးကြရတဲ့ ဒေသခံတွေဆီ သွားရောက်အကူညီပေးရေးအတွက် မြန်မာအစိုးရက ကယ်ဆယ်ရေး အဖွဲ့တွေကိုပံ့ပိုး ပေးချင်တဲ့ ဆန္ဒရှိတာကို ကုလသမဂ္ဂက သိထားတဲ့အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးတဲ့နေရာမှာ တိုးတက်မှုရှိစေဖို့အပြင် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဘယ်လိုနည်းနဲ့ပူးပေါင်းဆောင်ရွက်မယ် ဆိုတာတွေကိုလည်း ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

လက်ရှိအခြေအနေ အရ မြန်မာနိုင်ငံထဲက အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ သွားရောက်အကူညီပေးရေးမှာ အခက်အခဲတွေ အများအပြား ရှိနေကြောင်းနဲ့ ဒီ့အတွက် နည်းလမ်းရှာရမယ်လို့လည်း ပြောပါတယ်။

“ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ပြောကြားချက်အရ ကူညီကယ်ဆယ်ရေး လုပ်သားတွေအတွက် ကန့်သတ်မှုစနစ်ဟာ ရှုပ်ထွေးပြီး ခရီးသွားဖို့ ခွင့်ပြုမိန့် လိုအပ်တာကြောင့် ရခိုင်ပြည်နယ်ထဲက ဒေသအများအပြား အထူးသဖြင့် မြောက်ပိုင်းကို သွားရောက်ဖို့ သိပ်ခက်ခဲသလို ကြိုတင်ခန့်မှန်း လို့လည်း မရနိုင်ဘူးလို့ သိရပါတယ်။ အဲဒီဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရတယ် ဆိုတာ ကုလသမဂ္ဂက သိထားပေမယ့် အသက်ဘေးကြုံနေတဲ့ အကူညီလိုအပ်သူတွေဆီ သွားရောက်ကူညီဖို့ နည်းလမ်းတွေရှိနိုင်မှာ ဖြစ်သလို ရှာရမှာလည်း ဖြစ်ပါတယ်။ ”

အခုလို အခက်အခဲတွေ ကြားကနေပဲ လူသားချင်းစာနာမှု ကယ်ဆယ်ရေးလုပ်သားတွေက ရခိုင်ပြည်နယ်ထဲက ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ လူပေါင်း တသိန်း သုံးသောင်းနီးပါးအတွက် အကူညီတွေ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။ ပထမအကြိမ် အဖြစ် ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို မနှစ်က ဧပြီလမှာ လာရောက်ခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောနဲ့ ဒုက္ခသည် စခန်းတချို့ကို သွားရောက်ခဲ့သလို ကချင်ပြည်နယ်က ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းရသူတွေ စခန်းကိုပါ သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူညီပေးနိုင်ရေး အခြေနေတွေဟာ ၂၀၁၇ ခုနှစ်ကစပြီး သိသိသာသာ ဆိုးဝါးလာတယ်လို့ ခရီးစဉ်အပြီးမှာ ဝေဖန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG