အမေရိကန်နဲ့ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ စနေနေ့အစောပိုင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေး ကျင်းပပါတယ်။
ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ် အစိုးရအဖွဲ့က ဒမတ်စကပ်မြို့တော်နားမှာ အရင်သီတင်းပတ်က ဓာတုလက်နက် သုံးခဲ့တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်နှစ်နိုင်ငံဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး စနေနေ့အစောပိုင်းမှာ လေကြောင်း ကနေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဓာတုလက်နက်တွေနဲ့ ဆက်နွယ်တဲ့ ဆီးရီးယားနိုင်ငံက နေရာသုံးခုကို မဟာမိတ်စစ်လေယာဉ်တွေနဲ့ စစ်သဘောၤတွေကနေ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြတာပါ။ အခုလို အမေရိကန်နဲ့လက်တွဲပြီး တိုက်ခိုက်ခဲ့တဲ့ ပြင်သစ်နဲ့ဗြိတိန်ကို အမေရိကန်သမ္မတ ထရမ့်က ချီးကျူးခဲ့ပါတယ်။
အခုလို ဆီးရီးယားနိုင်ငံကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဆွေးနွေးရအောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ သမ္မတပူတင်က တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။