သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ထုတ်ပြန်


UNSC Italy
UNSC Italy

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားအကြမ်းဖက်ဖိနှိပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ မြန်မာအစိုးရကို ထိရောက်တဲ့ ဖိအားပေးမှုအဖြစ် လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ မြန်မာ့အရေးကြေညာချက်ကို မနေ့ တနင်္လာနေ့က လုံခြုံရေးကောင်စီဆွေးနွေးပွဲအစီအစဉ်အတွင်း ထည့်သွင်းဆွေးနွေးရာမှာ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

နှစ်ပေါင်း ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ မြန်မာ့အရေးကြေညာချက်ကို မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖေါ်မှုရှိမရှိကို ကုလအတွင်းရေးမှူးချုပ် António Guterres က ရက် ၃၀ အတွင်းလုံခြုံရေးကောင်စီကို အစီရင်ခံမှာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်တရပ်ချမှတ်ဖို့ဗြိတိန်နဲ့ ပြင်သစ်တို့က ဦးဆောင်ပြီးကြိုးပမ်းခဲ့ပေမယ့် အမြဲတမ်းအဖွဲ့ဝင် တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် မြန်မာ့အရေးလုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက်အဖြစ် အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်တည်း သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ကြေညာချက် အစပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကနေ လုံခြုံရေးစခန်း ၃၀ ကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အလားတူ မြန်မာလုံခြုံရေးတပ်တွေဘက်က အင်အားအလွန်အကျွံသုံးပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ အရပ်သားတွေကိုပါ ပြင်းပြင်းထန်ထန်ဖိနှိပ်မှုကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်ပေါင်း ၆ သိန်းကျော် နှစ်လအတွင်း ထွက်ပြေးခိုလှုံတဲ့အခြေအနေကို လုံခြုံရေးကောင်စီက အထူးစိုးရိမ်မိကြောင်း အလှည့်ကျ ဥက္ကဌဖြစ်တဲ့ အီတလီ သံအမတ်ကြီး Sebastiano Cardi က လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ နောက်ထပ် အင်အားအလွန်အကျွံအသုံးမပြုဖို့ အခုလို တိုက်တွန်းသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ နောက်ထပ် လုံခြုံရေးတပ်အင်အားတွေ အလွန်အကျွံအသုံးမပြုရေး သေချာအောင်ဆောင်ရွက်ဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖွဲ့စည်းဖို့၊ တရားဥပဒေ စိုးမိုးမှုရှိစေဖို့၊လူ့အခွင့်အရေးလေးစားမှုအပေါ်မှာ သူတို့ရဲ့တာဝန်ဝတ္တရားတွေ၊ခိုင်မာတဲ့သံဓိဌာန်တွေနဲ့ အညီ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို လုံခြုံရေးကောင်စီအနေနဲ့ တောင်းဆိုပါတယ်။”

ဒါအပြင် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လဲ Mr. Cardi က အခုလိုတိုက်တွန်းခဲ့ပါတယ်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ကလေးတွေအပေါ် ညှမ်းပန်းနှိပ်စက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေရှိဖို့ အရေးကြီးကြောင်း လုံခြုံရေးကောင်စီအနေနဲ့ အလေးပေးပြောကြားလိုပါတယ်။ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုကိုရရှိစေဖို့ ဒီလုပ်ရပ်တွေအပေါ် တာဝန်ရှိသူမှန်သမျှ တာဝန်ခံဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းပါတယ်။ ဒါကြောင့် မြန်မာအစိုးရဘက်က သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းပါတယ်။"

လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ အကဲစမ်းမှုတွေကို မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုတွေကို လစ်လျူရှုတာ တွေ့ခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက တုံ့ပြန်ပြီး ကြေညာချက်ဟာ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်စေတယ်လို့ အခုလိုထောက်ပြခဲ့ပါတယ်။

"လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ကြေညာချက်ဟာ ပြဿနာကို အဖြေရှာရာမှာ မြန်မာနိုင်ငံ အတွက် အထောက်အကူမပြုသလို နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းတွေနဲ့ ကိုးကွယ်တဲ့ ဘာသာတွေအကြား ပိုပြီးတော့ သွေးကွဲစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် မလိုအပ်တဲ့ ဖိအားပေးရာလည်းရောက်ပါတယ်။ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ကြေညာချက်ပါအချက် အလက်တွေကလည်း တခြားကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ သွားပြီးတော့ ငြိစွန်းနေတာ တွေ့ရပါတယ်။ ဒီကိစ္စကိုကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီအပြင် လူ့အခွင့်အရေးကောင်စီမှာ လည်း ဆွေးနွေးနေ တာ ဖြစ်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Masud Bin Momen ကတော့ ရခိုင် အရေးပြဿနာဟာ မြန်မာနိုင်ငံတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒါကို မြန်မာကပဲ တာဝန် ယူဖြေရှင်းရမှာဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်နိုင်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကပါ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ တိုက်တွန်းသွားသလို၊ ကိုဖီအာနန်ရဲ့ အကြံပေးချက်တွေကိုလည်း လိုက်နာဖို့ တိုက်တွန်းသွားပါတယ်။

ဒါအပြင် လုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက်ပါတောင်းဆိုချက်တွေကို မြန်မာနိုင်ငံ အနေနဲ့ လိုက်နာဖို့ အရေးကြီးကြောင်း သံအမတ်ကြီးက အခုလို ပြောခဲ့ပါတယ်။

“"လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ကြေညာချက်ထဲမှာ ဖော်ဆောင်လိုက်နာရမယ့် လမ်းညွန်ချက် တွေကို ဖော်ပြထားသလို မြန်မာအစိုးရက ပေးထားတဲ့ ကတိတွေ ထုတ်ပြန်ချက်တွေ ကိုလည်း အသိအမှတ်ပြုဖော်ပြထားပါတယ်။ ဒီလို ပေးထားတဲ့ကတိတွေကို လက်တွေ့ အကောင်အထည်ဖော် ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ယုံကြည်မှု ကို ပြန်ရရှိပြီးတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ရဲ့ နေရပ်တွေကို ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီ ကို ရက် ၃၀ ကြာမှာ အစီရင်ခံရမှာဖြစ်တဲ့အတွက် ဒီအတောအတွင်းရခိုင်ပြည်နယ်မှာ ထင်သာ မြင်သာရှိတဲ့ တိုးတက်မှုတွေကို ၇ရှိလိမ့်မယ်လို့ ကျနေ်ာတို့ မျှော်လင့်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Jonathan Allen ကလည်း လုံခြုံရေးကောင်စီဥက္ကဌရဲ့ မြန်မာ့အရေးကြေညာချက်ဟာ ထိရောက်ပြင်းထန်ကြောင်း ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကိုအခုလိုပြောပါတယ်။

“ဒီကနေ့ အရေးကြီးတဲ့အချက်က လုံခြုံရေးကောင်စီကတဆင့် တကမ္ဘာလုံးအနေနဲ့ ရှင်းလင်းပြတ်သားပြီး စည်းလုံးမှုကို ပြသတဲ့တောင်းဆိုချက်တွေကို ထုတ်ဖေါ်ခြင်း ပဲ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေက ရှင်းသလို ကြေညာချက်ကလဲ ပြင်းထန်ပါတယ်။ ကြေညာချက်ဖတ်ပြီး လိုက်နာရမယ့် အချက်က ရှင်းပါတယ်။ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရမယ်၊ လူသားချင်းစာနာမှုအကူအညီတွေကို ပို့ဆောင်ခွင့်ပြုဖို့၊ ဒုက္ခသည်တွေ အားလုံး သူတို့ဆန္ဒနဲ့အညီ နေရပ်ရင်းပြန်ခွင့်ပြုရမယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော် မရှင်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရမယ်၊ ကိုဖီအာနန်ကော်ရှင်ရဲ့ အကြံပြုချက်တွေ ကို လိုက်နာရမယ်။ အဲဒီအချက်တွေဟာ တကယ်ပဲအရေးကြီးပါတယ်။ ပထမခြေလှမ်း ဖြစ်သလို ရှင်းလင်းပြတ်သားတဲ့ တောင်းဆိုချက် တညီတညွတ်ထဲ ပါးလိုက်တဲ့ အမှာစကားပါပဲ။”

ဒါအပြင် ဒီကြေညာချက်ပါအချက်တွေကို မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်မှုရှိ မရှိကို လုံခြုံရေးကောင်စီက စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သူကအခုလိုပြောပါတယ်။

“ဒါဟာလုံခြုံရေးကောင်စီအနေနဲ့ ဆယ်နှစ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီလိုမျိုး ပထမဆုံးထုတ်ပြန်တဲ့ ကြေညာချက်ဘဲဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံ ရဲ့ လုပ်ဆောင်ချက်ကို အကဲခတ်စောင့်ကြည့်မှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို အစီရင်မခံမှီ မြန်မာနိုင်ငံက လိုက်နာဖို့ ရက် ၃၀ အချိန်ရမှာဖြစ် ပါတယ်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အရှင်းဆုံး အသိပေး လိုက်တာပါပဲ။”

ဒါပေမယ့်လည်း လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်တာမဟုတ်ပဲ ဥက္ကဋ္ဌ ကြေညာချက် အဖြစ်သာ ထုတ်ပြန်တဲ့တွက် မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ အနေအထားမှာရှိနေပါတယ်။ အခုလို လုံခြုံရေးကောင်စီဥက္ကဌရဲ့ မြန်မာ့အရေးကြေညာချက်မျိုးကို လွန်ခဲတဲ့၂၀၀၈ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကြပ် ပြဌာန်းဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG