ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြှင့် ချထားလိုက်တယ်ဆိုတဲ့ သတင်းအပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး ယန် ဟီးလီက သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာပြောထားပါတယ်။
ဒီအခြေအနေဟာ အဓိကစိုးရိမ်ဖွယ်ရာ အကြောင်းတခုဖြစ်တဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခြေအနေအားလုံးမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ပြီး ရခိုင်ပြည်လုံခြုံရေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာနဲ့အမျှ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုရှိစေရေး အစိုးရအနေနဲ့ အာမခံချက်ပေးရမှာဖြစ်ကြောင်း မစ္စယန်ဟီးလရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မောင်တောနဲ့ ဘူးသီးတောင်မှာ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ခံရပြီးချိန်၊ နိုဝင်ဘာလ မှာ နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်ပြီးချိန် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေလုပ်တာမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ့အနေနဲ့ အထူးသဖြင့် စိုးရိမ်တဲ့အကြောင်း မစ္စယန်ဟီးလက ပြော ထားပါတယ်။
အခုလို စစ်တပ်အင်အား တိုးမြှင့်ချထားတဲ့အပေါ် ရခိုင်အမျိုးသားပါတီ ANP ကတော့ ကြိုဆိုပါတယ်။ ANP ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်အရေး ဆွေးနွေးခဲ့ကြပြီး နောက်တနေ့မှာပဲ တပ်အင်အား တိုးမြှင့်ချထားတာပါ။ တပ်အင်အား တိုးမြှင့်ချထားလိုက်ပြီးတဲ့နောက် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်သလို ရသေ့တောင်မြို့ နယ်တွင်းက နေရာတချို့မှာလဲ ညမထွက်ရအမိန့် ထုတ်ပြန်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။