ရခိုင်မြောက်ပိုင်းဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ ချီပြီး စတင်ထွက်ပြေးခဲ့တာဟာ သြဂုတ်လ ၂၅ ရက် စနေနေ့ဆို တနှစ်ရှိပြီဖြစ်ပြီး ရခိုင်ပြည်နယ်တွင်းမှာတော့ လူသားချင်းစာနာမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ကြား ရရှိထားတဲ့ သဘောတူညီချက်အတိုင်း ရခိုင်ပြည်နယ်ထဲ လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်ဖို့မှာလည်း အခုအချိန်အထိ ဆွေးနွေးနေရတုန်းပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မနှစ်က သြဂုတ်လမှာ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ ကျော်ကို ဝင်ရောက်စီးခဲ့တဲ့အတွက် သေဆုံးမှုတွေ ဖြစ်ပွါးခဲ့တာကြောင့် လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ပူးတွဲဆောင်ရွက်ဖို့ မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် UNDP တို့ ဇွန်လ (၆) ရက်နေ့က သဘောတူစာချုပ် နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးခဲ့တာပါ။ သဘောတူညီချက်ထဲမှာ ကုလသမဂ္ဂ အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ ခွင့်ပြုထားသလို၊ အဲဒီဒေသတွေကို သွားရောက် အကဲဖြတ်ဖို့ လည်း သဘောတူထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် သွားရောက်ခွင့် ကောင်းကောင်းမရသေးတဲ့အတွက် ကုလသမဂ္ဂအဖွဲ့တွေ သွားရောက်ကူညီခွင့်ရဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အခုလာမယ့် သြဂုတ်လ ၂၅ ရက်နေ့ဟာ ရခိုင်ပြည်နယ်ထဲ၊ နောက်ဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့ချိန်က စတင်ပြီး ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတဲ့ တနှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ကုလတို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင် ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုရစေဖို့ ဆိုရင် အဲဒီဒေသတွေဆီ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ထိထိရောက်ရောက် သွားပြီးကူညီခွင့်တွေ ပေးဖို့ အရေးတကြီးလိုအပ် နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ကပြောပါတယ်။ ဒါ့အပြင် လွတ်လပ်စွာသွားလာခွင့်တွေ၊ လုံခြုံစိတ်ချရမှုတွေနဲ့ အသိုင်းအဝိုင်း အားလုံးအတွက် နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ တွေ အပါအဝင် ပြဿနာ ဖြစ်ပွါးရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖေါ်ပြောဆိုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။”
မြန်မာအစိုးရနဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပေမယ့် ၂ လကျော်ကြာလာတဲ့ အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနေရဆဲပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Knut Ostby က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
“ဒီဒေသတွေဆီု သွားပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်လို လုပ်နိုင်မယ်ဆိုတာကို အခုချိန်အထိ ဆွေးနွေးနေရတုန်းပါ။ ဒါမှ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာထဲမှာ ပါတဲ့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့ နေရာမှာလည်း တရင်းတနှီးပါပဲ။ ဒါပေမယ့် ပြဿနာ ရှိနေတာက ထိထိရောက်ရောက် သွားလုပ်ခွင့်ရဖို့ ဆိုတဲ့ အခြေနေက ဘာကို ဆိုလိုတာလည်း ဆိုတာကို ဆွေးနွေးဖို့လိုနေတာပါ။”
အကူအညီပေးရေး အဖွဲ့တွေ သွားရောက်ခွင့်ကို မြန်မာအစိုးရဘက်က အခုအခါမှာ အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာ ၂၃ ရွာကိုပဲ သွားရောက်ခွင့် ပေးထားတာ ဖြစ်ပြီး အဲဒီကျေးရွာတွေကို သွားခွင့်ပြုဖို့ ဘယ်လို ပုံစံနဲ့ ရွေးချယ်ထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း မစ္စတာ Ostby က ပြောပါတယ်။
မြန်မာအစိုးရပြောခွင့်ရ ဦးဇော်ဌေးကတော့ ကုလသမဂ္ဂအနေနဲ့ အခု သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်ခွင့်ရှိပြီး နောက်မှ သူတို့လုပ်ငန်းတွေ ချဲ့ဖို့လုပ်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် လောလောဆယ်မှာ သတ်မှတ်ဒေသတွေမှာ UNDP က ရှေ့ပြေး စီမံကိန်းတွေကို အကောင်ထည် ဖေါ်ဖို့ ခွင့်ပြုထားပြီး အခု ခွင့်ပြုထးတဲ့ ဒေသတွေနဲ့ မလုံလောက်သေးဘူး ဆိုရင် အစိုးရနဲ့ ထပ်မံ ညှိနှိုင်းနိုင်တယ်လို့ ပြောကြားခဲ့တာပါ။
ရခိုင်မြောက်ပိုင်းဒေသကို လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အကူပေးဖို့ အခုလို အကန့်အသတ်နဲ့ ပေးထားသလို အကူအညီ သိပ်လိုအပ်နေသူတွေ အတွက် အသက်ကယ် အထောက်အကူတွေလည်း ပေးခွင့်မရတဲ့ အတွက် အထူးစိုးရိမ်တယ်လို့ လည်း မစ္စတာ Dujarric က ပြောပါတယ်။
“ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု ဆိုင်ရာ အခြေအနေအတွက် ကုသသမဂ္ဂက အတော့်ကို စိုးရိမ်နေဆဲပါ။ ရခိုင်ပြည်နယ်တလွှား အကူညီ လိုအပ်နေသူပေါင်းက ၆၆၀ ၀၀၀ လောက် ရှိနေပါတယ်။ အဲဒီထဲမှာ ရခိုင်မြောက်ပိုင်း က လူပေါင်း ၁၇၆ ၀၀၀ ကျော်လည်း ပါပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ နှစ်ပေါင်းများစွာ အကူညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ လည်း သူတို့လုပ်ကိုင်နေကြ လုပ်ငန်းတွေကို အခုထိ ပြန်ပြီး လုပ်မပေးနိုင်ကြသေးပါဘူး။ ဒါ့အပြင် ဒီ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လ အတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထပ်ပြီး ရောက်သွားကြတဲ့ ဒုက္ခသည် အရေအတွက်က ၁၁ ၀၀၀ ကျော်ရှိနေပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွါးတယ် ဆိုတဲ့ သတင်းတွေလည်း ကုလသမဂ္ဂက ရရှိခဲ့ပါတယ်။”
ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ UNHCR နဲ့ UNDP တို့ပူးတွဲ ကြေညာချက်မှာတော့ ၂၀၁၇ခုနှစ် သြဂုတ်လမှာ အကြမ်းဖက်မှုတွေ တကြော့ပြန်ဖြစ်ပွားပြီးကတည်းက ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခွင့်ပြုထားပြီး ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အထောက်အကူပြုဖို့ နဲ့ အကာအကွယ်ပေးရေးအစီစဉ်တွေ ဆက်လက်ဆောက်ရွက်ဖို့သဘောတူညီချက်ထဲမှာ ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို တရားဝင် လက်မခံပေမယ့် သူတို့တွေ နေရပ်ပြန်ရေး အတွက် လက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သြဂုတ်လ ၂၈ ရက်မှာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ တနှစ်ပြည့်အထိန်းအမှတ်အဖြစ် ရိုဟင်ဂျာ အရေး တံခါးဖွင့် ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gueterrus က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။