သမ္မတအိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်း ၈ နှစ်တာကာလအတွင်း တိုးတက်အောင်မြင် မှုတွေနဲ့ ပတ်သက်လို့ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အင်္ဂါနေ့က ပြောကြားသွားခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သံတမန်ရေး အောင်မြင်မှုတွေ၊ ဘာသာရေးဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာလူငယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ထည်းသွင်း ပြောဆိုသွားတာပါ။ အိုဘာမားရဲ့ ကုလသမဂ္ဂမိန့်ခွန်း ကောက်နှုတ်ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သမ္မတ အိုဘားမားက သူ့ရဲ့နောက်ဆုံးမိန့်ခွန်းကို စက်တင်ဘာ ၂၀ အင်္ဂါနေ့က ပြောကြားခဲ့ပြီး၊ ၈နှစ်တာ သူ့သမ္မတ သက်တမ်းအတွင်း အမေရိကန်ရဲ့ နိုင်ငံတကာ သံတမန်ရေး အောင်မြင်မှုတွေကို ပြောကြားခဲ့တာပါ။ အမေရိကန်အနေနဲ့ အီရန်နျူကလီယားပြဿနာကို သံတမန်ရေး နည်းအရ ဖြေရှင်းနိုင် ခဲ့သလို၊ ကျူဘား၊ ကိုလံဘီယာ အရေးမှာလည်း အောင်မြင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီးလည်း သံတမန်နည်းအရ လုပ်ဆောင်နိုင် ခဲ့ကြောင်းကို ပြောသွားခဲ့ပါတယ်။
“ကျူးဘားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ကျနော်တို့ပြန်ပြီး လမ်းဖွင့်ခဲ့သလို၊ လက်တင် အမေရိကားက အရှည်ဆုံး ကိုလံဘီယာစစ်ပွဲ ရပ်ဆိုင်း သွားဖို့ကိုလည်း အကူညီ ပေးနိုင်ခဲ့ပါတယ်၊ ဒါ့ပြင် မြန်မာနိုင်ငံမှာ လူထုနည်းနဲ့ ရွေးချယ် တင်မြှောက် ခံရတဲ့ ခေါင်းဆောင်တဦး ဒီအထွေထွေ ညီလာခံ တက်ရောက်လာတာ အတွက်လည်း ကြိုဆိုလိုက်ပါတယ်”
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိတ်ဆို့မှုတွေအစား ပိုပြီး ထိတွေ့ဆက်ဆံတဲ့ သံတမန်ရေး နည်းကို အမေရိကန်နိုင်ငံက ကျင့်သုံးလာခဲ့တာပါ။ ၂၀၁၅ ရွေးကောက် ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အများစု အနိုင်ရခဲ့ပြီး၊ အစိုးရ ဖွဲ့နိုင်ခဲ့သလို အခုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကလည်း နိုင်ငံ့အကြီးအကဲ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ လာတက်တာကို ကြိုဆိုကြောင်း အိုဘားမား ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘာသာတရား၊ လူတွေရဲ့ထုံးတမ်းစဉ်လာတွေနဲ့ ကိုးကွယ် ယုံကြည်မှုတွေ၊ လူမျိုးစုနွယ်တွေရဲ့ ခံယူချက်တွေကို လေးစားတန်ဖိုးထား ရမယ့်အစား၊ လူတွေ အနေနဲ့ ကိုယ့်ရပ်တည်ချက်ကိုသာ အဓိကထားပြီး ကျန်တဲ့သူတွေပေါ် အနိုင်ကျင့် နှိပ်စက် လွှမ်းမိုးဖို့ ကြိုးစားနေမယ်ဆိုရင် လူအဖွဲ့အစည်းအတွင်း တိုးတက်မှု ရနိုင်မှာ မဟုတ်ဘူးလို့ သူယုံကြည်ကြောင်းလဲ သမ္မတ အိုဘားမားက ပြောကြား သွားပါတယ်။ အဲဒီပြောဆို ချက်ထဲမှာ မြန်မာနိုင်ငံက လူနည်းစု ဘာသာဝင်တွေ အရေးကိုလဲ ပြောဆိုသွားပါတယ်။
“ကျနော်တို့ရဲ့ ထုံးတမ်းအစဉ်လာတွေကို တည်တံ့အောင် လုပ်နေတဲ့ တပြိုင်နက် ထဲမှာပဲ၊ နိုင်ငံရဲ့နိုင်ငံရေး စီးပွားရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး အခွင့်အလမ်း အတွက်ကိုလဲ လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံ အချင်းချင်းကြား ဆက်ဆံရေး ခိုင်မာဖို့ဆိုရင် လူမှုအဖွဲ့ အစည်း အားလုံးကြားမှာ ညီမျှတဲ့ အခွင့်အလမ်း ရဖို့အတွက် အပြန်အလှန် အသိအမှတ် ပြုရမှာဖြစ်ကြောင်း၊ မြန်မာ နိုင်ငံက လူနည်းစု ဘာသာဝင်အတွက် ဘာသားရေး အခွင့်အလမ်းတွေ ပေးရမှာ ဖြစ်သလို၊ ဘူရွန်းဒီနိုင်ငံက လူနည်းစု လူမျိုးစုဝင်တွေအတွက် ဖြစ်ပါစေ၊ အမေရိ ကန်မှာ ရှိတဲ့ လူနည်းစု လူမျိုးတွေ အတွက်ဖြစ်ပါစေ သူတို့ အခွင့်အရေးအတွက် ဝိုင်းဝန်းလုပ်ဆောင် ပေးရမှာဖြစ်ပါတယ် ”
တခါ သမ္မတအိုဘားမားက - ဒီမိုကရေစီကို ယုံကြည်ကြတဲ့ ကျနော်တို့တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့လိုကြောင်း ၊ မိမိတို့ ယုံကြည်ထားတဲ့ သမိုင်း ဆိုင်ရာ အချက်လက်တွေဟာ ကိုယ့်ဖက်မှာ ရပ်တည်နေမှာဖြစ်ကြောင်းလဲ သမ္မတ အိုဘားမားကပြောဆိုခဲ့တာပါ။ အဆုံးအဖြတ်ပေးနိုင် သူတွေအနေနဲ့ မေ့လျောနေ တတ်ကြ တာကတော့ ဒီမိုကရေစီဆိုတာဟာ အောက်ခြေလူထု လူတန်းစားတွေက ပါဝင် ပတ်သက်လာပြီး အထက်အဆင့်ဆင့် အုပ်ချုပ်သူတွေဆီ ရောက်လာတာ မျိုး ဖြစ်တယ် ဆိုတာကို မေ့နေတတ်ကြောင်း၊ ဒီမိုကရေစီအစိုးရ ခေါင်းဆောင်တွေ အနေနဲ့ ပြည်ပရောက်ချိန်မှာ ဒီမိုကရေစီ အကြောင်းနဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိပေမဲ့၊ ကိုယ့်နိုင်ငံအတွင်းမှာလည်း ဒီမိုကရေစီနဲ့ပတ်သက်လို့ စံနမူနာပြ ဖြစ်အောင် လုပ်ဖို့လိုကြောင်း ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
သူ့သမ္မတသက်တမ်း ၈နှစ်အတွင်း နိုင်ငံတချို့ကိုသွားရောက်ခဲ့ကြောင်း၊ လူငယ်တွေ ကြား ပညာတတ်သူတွေ၊ အားလုံးပါဝင်ခွင့်ကို အသိမှတ်ပြုသူတွေရှိတဲ့ တိုင်းပြည်ေ တွမှာ ကိုယ်ချင်းစာစိတ်နဲ့ သည်းခံနိုင်စွမ်း ပိုရှိတာတွေ့ရကြောင်း မြန်မာနိုင်ငံက လူငယ် တချို့နဲ့ ပတ်သက်ပြီးလည်း ရည်ညွှန်းပြောသွားခဲ့ပါတယ်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်က နိုင်ငံရေး အကျဉ်းသားတွေဖြစ်ခဲ့ကြတဲ့ မြန်မာ လူငယ်တွေဟာ အခုအခါမှာ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေအဖြစ် မြင်တွေ့ ရမှာဖြစ်သလို၊ ကျူးဘားနိုင်ငံမှာဆိုရင်လည်း ကျနော်တွေ့ခဲ့တဲ့လူငယ်တဦးဟာ စီးပွားရေးကို စလုပ်နေပါတယ်။ အကြမ်းဖက်မှု ကြုံခဲ့ရတဲ့ အာဖဂန်မိန်းမငယ်လေး တဦးဟာလဲ ခုတော့ ကျောင်းစတက်နေပါပြီ ..”
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတအိုဘားမားပြောသွားတဲ့ မိန့်ခွန်းထဲက . ကောက်နှုတ်ချက် တချို့ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အင်္ဂါနေ့ မနက်ပိုင်းမှာ အထွေထွေညီလာခံ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး၊ ကမ္ဘာ့လူ့ အဖွဲ့အစည်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီနဲ့ ၁ နာရီကြား အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်ခင်ဗျာ။