သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းပွားတိုက်ခိုက်မှု တားဆီးဖို့ ကုလတိုက်တွန်း


မြန်မာနိုင်ငံမှာ ဘာသာရေးအရ လူနည်းစုတွေအပေါ် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်အောင် အစိုးရအနေနဲ့ ကာကွယ်တားဆီးဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သီတင်းပတ်ကျော်တွင်း ဖြစ်ခဲ့တဲ့ မွတ်စလင်လူနည်းစုတွေအပေါ် အကြမ်းဖက် တိုက်ခိုက်တဲ့ဖြစ်ရပ် နှစ်ခုအတွက် စုံစမ်းအရေးယူဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဂျနီဗာအခြေစိုက် ကုလသမဂ္ဂရုံးမှာ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်ရက်အတွင်း မွတ်စလင်လူနည်းစု အသိုင်းအဝိုင်းကို ပစ်မှတ်ထား ဆန့်ကျင်တဲ့အနေနဲ့ လူအုပ်စုလိုက် အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်ရပ်နှစ်ခု ပေါ်ပေါက်ခဲ့မှုအပေါ် ကုလသမဂ္ဂအနေနဲ့ ထိတ်လန့်တုန်လှုပ်မိကြောင်း သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က ပြောသွားတာပါ။

“ဒီအကြမ်းဖက်တိုက်ခိုက်တဲ့ဖြစ်ရပ်နှစ်ခုလုံးကို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့နဲ့ ဒေသခံအာဏာ ပိုင်တွေဘက်ကလည်း မြန်မြန်ဆန်ဆန်၊ စေ့စေ့စပ်စပ်နဲ့ တုံ့ပြန် ဆောင်ရွက်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ဒီလို လူအုပ်စုနဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကနေ တိုင်းပြည်အတွင်း နောက်ထပ် ရန်လိုအမုန်းပွားမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဘာသာရေးဆန့်ကျင်မုန်းတီးတဲ့ဖြစ်ရပ်တွေ နောက်ထပ် မပေါ်ပေါက်အောင် လိုအပ်တဲ့ဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။”

ပြီးခဲ့တဲ့သောကြာနေ့က အကြမ်းဖက်လူအုပ်စုကနေ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိတဲ့ ဗလီကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဇူလိုင်လ (၁) ရက်နေ့က သတင်းထုတ်ပြန်ရာမှာ ဒေသခံ ရဲအာဏာပိုင်တွေက အကြမ်းဖက် လူအုပ်ကို တားဆီးဖို့ ကြိုးစားသော်လည်း အောင်မြင်မှု မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒီမတိုင်ခင် သီတင်းပတ်အစောပိုင်း ဇွန်လ (၂၃) ရက်နေ့ကလည်း ပဲခူးတိုင်း သူရဲသမိန်ကျေးရွာမှာ အကြမ်းဖက် လူအုပ်စုကနေ ဗလီအဆောက်အဦး အတွင်းပိုင်းတချို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့အပြင် အခြားသူတွေရဲ့ ပိုင်ဆိုင်မှု အဆောက်အဦးနဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့ကြတာပါ။ ဒီအကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း တိုင်ကြားမယ့်သူ မရှိတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူခြင်း မရှိခဲ့ဘူးလို့ ပဲခူးတိုင်းဒေသ ရဲမှူးကြီး မျိုးမင်းထိုက်က သတင်းထောက်တွေကို ဇွန်လ (၂၈) ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဖားကန့်မှာ အခင်းဖြစ်တဲ့အချိန် ရဲတပ်ဖွဲ့ရှိနေပါလျက်နဲ့ အကြမ်းဖက်လူအုပ်ကို တားဆီး ဟန့်တားနိုင်ခြင်း မရှိခဲ့တာ၊ သူရဲသမိန်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာလည်း ရာဇဝတ်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုကို အာဏာပိုင်တွေဘက်က လုံး၀ ဆောင်ရွက်ခြင်း မရှိခဲ့တဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်း ဖြစ်မိကြောင်း Rupert Colville က ပြောပါတယ်။

“ဒီလိုရာဇဝတ် ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူ အပြစ်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ဘာသာရေးအရ လူနည်းစုတွေအပေါ် တိုက်ခိုက်မှုကို အရေးမယူဘူးဆိုတဲ့ စိုးရိမ်စရာအမြင်မျိုး ဖြစ်သွားစေနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုအောက်မှာ နေထိုင်နေကြတယ် ဆိုတာမျိုး လူတိုင်းခံစားနိုင်အောင်နဲ့ မွတ်စလင်နဲ့ အခြားဘာသာရေးအရ လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန်းက ရပ်ရမယ်ဆိုတာ အစိုးရက ပြတ်ပြတ်သားသား လုပ်ပြဖို့ လိုအပ်ပါတယ်။”

ခွဲခြားဆက်ဆံမှု၊ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မှုတွေကို တန်ပြန်တားဆီးနိုင်ဖို့ တတ်နိုင်သမျှ အားထုတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့ မကြာသေးခင်က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံက လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG