(Zawgyi)
Washington Post ပိုင်ရှင်ရဲ့ လက်ကိုင်ဖုန်း ဆော်ဒီမင်းသား Hack လုပ်ခဲ့သလား
ဆော်ဒီအာရေဗျနိုင်ငံဟာ Amazon ကုမ္ပဏီနဲ့ ဝါရှင်တန်ပိုစ် သတင်းစာတိုက်ပိုင်ရှင် Jeff Bezos ရဲ့ လက်ကိုင်ဖုန်းကို Hack လုပ်ပြီး အချက်အလက်တွေ ခိုးယူခဲ့ဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ ဆော်ဒီနဲ့ ပတ်သက်ပြီး ဝါရှင်တန်ပိုစ့် သတင်းစာက ရေးသားနေတာတွေ အပေါ် တစ်စုံတစ်ရာ အကျိုး သက်ရောက်မှု ရှိအောင် ကြိုးပမ်း ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman ရဲ့ WhatsApp အကောင့်ကနေ ကွန်ပြူတာ ဗိုင်းရပ်စ် ရှိတဲ့ ဗီဒီယို ဖိုင်ကို Jeff Bezos ကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
Bezos ရဲ့ လက်ကိုင်ဖုန်းကို hack လုပ်ပြီး အချက်အလက်တွေကို ခိုးယူခဲ့တယ်ဆိုတဲ့ အချက်က အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်လာခဲ့ပါပြီလို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေဖြစ်တဲ့ Agnes Callamand နဲ့ David Kaye တို့က ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ Bezos ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့တဲ့ ဒီဂျီတယ် ပြစ်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဆော်ဒီ မင်းသား account ကနေ ပေးပို့တဲ့ ဗီဒီယိုဖိုင်ကို လက်ခံပြီး နာရီပိုင်းအကြာမှာပဲ Bezos ရဲ့ ဖုန်းဟာ ပုံမမှန်တဲ့ လက္ခဏာတွေကို ပြသခဲ့တာလို့ ဆိုပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အခု အစီရင်ခံစာဟာ ဆော်ဒီ အာရေဗျနိုင်ငံနဲ့ Jeff Bezos တို့အကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုပြီး ဆိုးရွားလာစေမှာ ဖြစ်ပါတယ်။
ဝါရှင်တန်ပိုစ့် သတင်းထောက်လည်းဖြစ် ဆော်ဒီ အိမ်ရှေ့မင်းသားကို အစဉ် ဝေဖန်နေသူလည်းဖြစ်သူ သတင်းထောက် Jamal Khashoggi ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း တူရကီနိုင်ငံမှာ ဆော်ဒီတို့ရဲ့ လုပ်ကြံမှုကိုခံခဲ့ရအပြီး ဆော်ဒီ အာရေဗျနိုင်ငံနဲ့ Jeff Bezos တို့အကြား ဆက်ဆံရေး စတင် တင်းမာလာခဲ့တာ ဖြစ်ပါတယ်။