မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်နဲ့ ကယားပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၂ သိန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂက ဇန်နဝါရီလ ၁၇ ရက် တနင်္လာနေ့ နယူးရောက်ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသား အရေအတွက် ၁၈၁ ၄၀၀ ကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောသွားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတဲ့အဖွဲ့တွေက အရေးတကြီး လိုအပ်တဲ့ အကူညီတွေ ပေးလို့ရတဲ့နေရာတွေမှာ ဆက်ပေးအပ်နေချိန်မှာပဲ လူသားချင်းစာနာမှု အကူညီပေးရေး အတူ ဆောင်ရွက်နေတဲ့ အဖွဲ့အများအပြားကတော့ ဘေးအန္တရာယ်မလုံခြုံတာကြောင့် ဒီဇင်ဘာလထဲမှာ သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အကူအညီလိုအပ်တဲ့ နေရာက လူတိုင်းကို လူသားချင်းစာနာမှုအကူညီတွေ အန္တရာယ်ကင်းကင်းနဲ့ အတားအဆီးမရှိ သွားရောက် ပေးခွင့်ပြုဖို့ပါ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း အထူးသဖြင့် ကရင်နဲ့ ကယားပြည်နယ်တွေမှာ မကြာသေးခင်က တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တဲ့နောက်ပိုင်း အဲဒီဒေသတွင်း လူသားချင်းစာနာမှုနဲ့ လုံခြုံရေး အခြေနေတွေဆိုးလာနေတာနဲ့ ပတ်သက်ပြီး ဌာနေ ကုသအဖွဲ့က စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OCHA ရဲ့ မှတ်တမ်းတွေအရ ကယားပြည်နယ်ထဲမှာ ခရစ်ယန် ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အပါအဝင် အရပ်သားပိုင် အိုးအိမ်အဆောက်အဦးပေါင်း ၆၅၀ ကျော် မီးရှို့အဖျက်ဆီးခံခဲ့ရသလို ၂၀၂၁ မေလကစပြီး အဲဒီဒေသတွေမှာ ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ အရေအတွက်တိုးလာနေတယ် လို့ပြောပါတယ်။