သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် အရေး လုပ်သင့်သည်များ ကုလသမဂ္ဂ အကြံပေး


စစ်တွေမြို့၊ အုန်းရေပေါ်ကျေးရွာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသည့် မစ္စတာ Haoliang Xu နှင့် မစ္စတာ John Ging။
စစ်တွေမြို့၊ အုန်းရေပေါ်ကျေးရွာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသည့် မစ္စတာ Haoliang Xu နှင့် မစ္စတာ John Ging။

မြန်မာနိုင်ငံမှာ ဒုက္ခသည်တွေ အတွက် အထောက်အကူတွေ တိုးပေးဖို့ လိုအပ်သလို အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ့် အခြေနေကောင်းတွေ ဖန်တီးပေးဖို့ နိုင်ငံသား ပြဿနာကို နိုင်ငံရေး အရ အဖြေရှာဖို့ မကြာသေးခင် က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Haoliang Xu နဲ့ လူသားရေးရာ ကုလ သမဂ္ဂ လုပ်ငန်းညှိနှိုင်းရေးရုံးရဲ့ စီမံကိန်းညွှန်ကြားရေးမှူး John Ging တို့ဟာ မကြာသေးခင်ကသွားတဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း သူတို့ လေ့လာတွေ့ရှိခဲ့ တာတွေနဲ့ ပတ်သက်လို့ သောကြာနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ကြတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မစ္စတာ Haoliang Xu နဲ့ John Ging တို့ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အခြေနေတွေနဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှု အခြေအနေတွေကို လေ့လာဖို့အတွက် စက်တင်ဘာလဆန်းမှာ သွားရောက်ခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်အပြင် ရခိုင်ပြည်နယ်ကိုပါ သွားရောက်ခဲ့ကြတာ ဖြစ်ပြီး ဒေသတွင် ငြိမ်းချမ်းမှု ရအောင်နဲ့ လက်ရှိ တင်းမာနေတဲ့ အခြေနေတွေကိ ဖြေရှင်းနိုင်ဖို့ အတွက် အချက် ၃ ချက် လိုအပ်တယ်လို့ မစ္စတာ Haoliang Xu ထောက်ပြပါတယ်။

"ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ လူမှု အသိုက် အဝိုင်း အားလုံးရဲ့ လိုအပ်ချက်တွေ ပြည့်ဝမှ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ရနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုရနိုင်ဖို့ လိုအပ်တဲ့ အချက် ၃ ချက်ကို ထောက်ပြချင်ပါတယ်။ ပထမ အချက်က အိုးအိမ်ရွှေ့ပြောင်းနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အထောက်အကူတွေ ပေးဖို့ပါ။ ဒုတိယ အချက်က ဆင်းရဲမွဲတေမှုအတွက် အကူညီတွေ တိုးပေးပြီး အတူငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲ နေထိုင်နိုင်မယ့် အခြေနေကောင်းတွေကို ဖန်တီးပေးဖု့ိ့ပါ။ တတိယ အချက် ရခိုင်ဒေသ မတည်မငြိမ် ဖြစ်စေခဲ့တဲ့ နိုင်ငံသား ဖြစ်ခွင့် ပြဿနာပါ။ ဒီ့အတွက် နိုင်ငံရေး အရ အဖြေရှာဖို့ လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှု နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ တင်ပဲ ဒီဒေသရဲ့ ပြဿနာ ကို ဖြေရှင်း မပေးနိုင်ပါဘူး။"

ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ OCHA အဖွဲ့က မစ္စတာ Ging ကတော့ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပြီး ကုလသမဂ္ဂကရော တခြား NGO အဖွဲ့အစည်းတွေကပါ ကူညီမှုတွေ ပေးနေပေမဲ့ ဝန်နဲ့အား မမျှ မတ ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ MSF ခေါ် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို ဒေသတွင်း မှာ ပြန်လည် လုပ်ပိုင်ခွင့် ပေးနေတာမို့ ဝမ်းသာတာမို့ ရခိုင်ရော မူဆလင်ပါ ဒေသတွင်း နေထိုင်သူ အားလုံးဟာ အကူအညီတွေ လိုအပ်နေသေးတာ တွေ့ရတယ်လို့ဆိုပါတယ်။

"မြန်မာနိုင်ငံကို ပြန်ရောက်သွားတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာ ပထမဆုံ သတိထားမိတာပါ။ ဒါပေမယ့် တကယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲပဲ ဆိုတာတွေ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေနဲ့ ပါတ်သက်ပြီး အခုသွားရောက်ခဲ့တဲ့ ခရီးစဉ်ကနေ ထောက်ပြ ပြောဆိုခွင့်တွေ ရခဲ့ပေမယ့် ဒီစိန်ခေါ်မှုတွေဟာ လွယ်လွယ်နဲ့ ကျော်လွှားနိုင်မယ့် ကိစ္စတွေလို့ တော့ လျှော့မတွက် သင့်ပါဘူး။ တကယ်ဆို ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း ၆၈ ခုမှာ ဒုက္ခသည်ပေါင်း တသိန်း ၄ သောင်းကျော် အိုးအိမ်ရေ့ွှ့ပြောင်း နေ နေကြရတာပါ။ လူပေါင်း တသန်းကျော်ကလည်း ခွဲခြား ဆက်ဆံ ခံနေရပြီး လွတ်လွတ်လပ်လပ် သွားလာခွင့် မရတာ၊ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်ရေးတွေ အတွက် ရုန်းကန်နေရတာမို့ပါ။"

ကုလသမဂ္ဂ အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုပေးနေသလို လူတစ်ဦးချင်းစီ ရဲ့ ရပိုင်ခွင့်နဲ့ ဆုံးရှုံးမှုမရှိစေဖို့လည်း အလေးထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ နိုင်ငံသားဖြစ်ခွင့်လည်း ပါနေတာမို့ ဒီပြသနာကို အလေးထား ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ Haoling Xu က ပြောပါတယ်။

"နိုင်ငံသား ဖြစ်ခွင့် နဲ့ ပါတ်သက်တဲ ပြဿနာကို ကြည့်မယ်ဆိုရင် သမိုင်းကြောင်း ကို ပြန်ပြီး ကြည့်ဖို့ လိုပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ်ကအစ အဖွဲ့ဝင် နိုင်ငံတွေကပါ သုံးနေတာမို့ ကျွန်တော်တို့ လည်း သုံးရတယ် ဆိုတာ ပြောပါရစေ။ ဒီရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်ရော မူစလင်တွေကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်စေပါတယ်။ ရိုဟင်ဂျာလို့ သုံးရမလား ဘင်္ဂလီလို့ သုံးရမလား ဆိုတာ ၂ ဘက်စလုံးအတွက်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေတာပါ။ ဒါက သမိုင်းကြောင်း ရှိလို့ပါ။

ဒါဟာ နိုင်ငံရေး သမိုင်းကြောင်း တခုဖြစ်နေပါတယ်။ ဘာဘဲပြောပြော ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည်နယ် တခုလုံးမှာ ရှိနေတဲ့ ပြဿနာကို အဖြေရှာဖို့ ကြိုးစားတဲ့ အခါမှာ ဒေသခံတွေရဲ့ လူ့အခွင့်အရေး အခြေနေ မနိမ့်ကျအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို ဦးတည်စဉ်းစားပါတယ်။ ဒီလိုစဉ်းစားတဲ့အခါ ဒေသထဲမှာ နေတဲ့ လူတွေ ဘာကို လိုချင်သလဲ ဆိုတာကို ကြည့်ရင် မူစလင် အသိုင်းအဝို်င်းက နိုင်ငံသာ အဖြစ်လိုချင်ကြတာ တွေ့ရပါတယ်။ ဒါကလည်း တခြား နိုင်ငံထဲမှာ နေတဲ့ သူတွေလိုပဲ တန်းတူညီမျှမှုကို ပေးနိုင်လို့ လိုချင်ကြတာပါ။"

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြီး ကူညီကြဖို့ကိုလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလတာဝန်ရှိသူတွေက ပန်ကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေအတွက် ဦးတည်ပြီး သေသေချာချာ လုပ်ဆောင်နေတာ တွေ့ရတာမို့ နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးဖို့ ပန်ကြားခဲ့တာပါ။

XS
SM
MD
LG