သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် အကူအညီ ဗြိတိန်တိုးပေးမည်


ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးသစ် Desmond Swayne (ဓာတ်ပုံ - http://www.conservatives.com/OurTeam/Members_of_Parliament/Swayne_Desmond.aspx)
ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးသစ် Desmond Swayne (ဓာတ်ပုံ - http://www.conservatives.com/OurTeam/Members_of_Parliament/Swayne_Desmond.aspx)

မြန်မာပြည်သူတွေရဲ့ လူမှုဘဝတွေကို ကိုယ်တိုင်လေ့လာနေတဲ့ ဗြိတိန်နိုင်ငံက နိုင်ငံ တကာ ဖွံ့ဖြိုးရေးဝန်ကြီးသစ်က သူ့ရဲ့ပထဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်အတွင်းမှာပဲ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီတွေ ပိုတိုးပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗြိတိန်အပါအဝင် နိုင်ငံတကာအလှူရှင်တွေအနေနဲ့ မြန်မာနိုင်ငံ ကို ကိုယ်တိုင် လာရောက် လေ့လာဖို့ မြန်မာအစိုးရက အမြဲဖိတ်ခေါ်ပါတယ်လို့ လည်း မြန်မာ ပြန်ကြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လကမှ ဗြိတိန်က အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Desmond Swayne ဟာ ပထမဆုံးအကြိမ် သူ့ရဲ့မြန်မာခရီးစဉ်ကို သြဂုတ်လ ၂၅ ရက် တနင်္လာကနေ့က စတင်ပြီး သြဂုတ်လ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့အထိ သူ့ရဲ့ ၃ ရက်တာခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ အစိုးရပိုင်းတာဝန်ရှိသူတွေ၊ ကျန်းမာရေးဝန်ကြီး ဦးသန်းအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာအစိုးရအနေနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွင်း ပကတိ အခြေအနေတွေကို ကိုယ်တိုင် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်ဗျာ။ ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေတွေကို သိချင်ရင် ကျနော်တို့ဆီ လာပြီးတော့ လေ့လာမယ်ဆိုရင် ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက်မယ်။ အဲ့လို မလေ့လာဘဲနဲ့ တခြားဌာနတွေက ရတဲ့သတင်းတွေကို ကြည့်ပြီးတော့မှ မြန်မာနိုင်ငံအပေါ် ဝေဖန်မယ်၊ သုံးသပ်မယ်၊ အပြစ်တင်ဖို့ ကြိုးစားမယ်၊ ပြစ်ဒဏ်ခတ်ဖို့ ကြိုးစားမယ်ဆိုရင် ကျနော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေမှာပေါ့။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းကို လုပ်ခဲ့တာ ၃ နှစ်ကျော်လာတဲ့အခါမှာ အောင်မြင်မှုတွေ တချို့ရနေသလို၊ စိန်ခေါ်မှုတချို့လည်း ကျန်နေသေးတယ်။ အဲတော့ နိုင်ငံတကာတွေက အဲ့ဒီစိန်ခေါ်မှု ရှိနေတာတွေကို အသိအမှတ်ပြုပြီးတော့မှ ကူညီပေးလို့ရှိရင် ကျနော်တို့ ဝမ်းသာတာပေါ့။ ပြီးလို့ရှိရင် အဲ့လိုကူညီပေးခြင်းအားဖြင့် ကျနော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားတဲ့နေရာမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဗြိတိန်နိုင်ငံအပါအဝင် ဘယ်နိုင်ငံမဆို လာရောက်လေ့လာမယ်ဆိုရင် ကျနော်တို့ကတော့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ အခြေအနေ အမှန်တွေသိအောင် ကူညီဆောင်ရွက်ပေးဖို့ အမြဲတမ်း အသင့်ရှိပါတယ်။ သူ့နဲ့ လုပ်ငန်းပတ်သက်တဲ့ ဝန်ကြီးဌာနတွေကိုတော့ တွေ့ဖို့ စီစဉ်ထားတယ်။ နောက် လေ့လာဖို့နေရာတွေလည်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ စီစဉ်ထားတယ်လို့ပဲ သိထားပါတယ်။”

ခရီးစဉ်ဒုတိယမြောက်နေ့ အင်္ဂါနေ့မှာ ကချင်ပြည်နယ်ကို သွားရောက်နေတဲ့ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးဟာ ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း မဲအကြိုစာရင်း ကောက်ယူမှု အခြေအနေ၊ စိုက်ပျိုးရေး စီမံကိန်းတွေကိုလည်း သွားရောက် လေ့လာသွားဖို့ ရှိပါတယ်။

ဒီလိုမျိုး ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဝန်ကြီးတွေကိုယ်တိုင် လာရောက်လေ့လာပြီး ငွေကြေးအကူအညီတွေ ပိုတိုးပေးဖို့ စီစဉ်နေတဲ့အပေါ် ကချင့်အရေးလှုပ်ရှားသူ ဒေါက်တာတူးဂျာက ကြိုဆိုလိုက်ပြီး အကူအညီတွေဟာ အမှန်တကယ် လိုအပ်သူတွေဆီ စနစ်တကျ ရောက်ရှိသွားဖို့ လိုအပ်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အကူအညီတွေကတော့ လိုအပ်နေတာပဲ ဒီမှာ။ အဲ့ဒါမှ ဒီ ပေးတဲ့နေရာမှာပေါ့နော့် ထိရောက်မှု ရှိ မရှိဆိုတာ ပေးတဲ့ပုံစံပေါ်မှာ နည်းနည်း မူတည်တယ်။ ဒါ တကယ်လိုအပ်တယ်ဆိုရင် လက်ထဲကို အရောက်ပို့ပေးနိုင်ရင် တိုက်ရိုက်ပေးနိုင်လို့ရှိရင် အများကြီးကောင်းတယ်။ အဲ့ဒီတဆင့်ခံတွေ မဟုတ်ဘဲနဲ့ပေါ့နော်။ အဲ့ဒါ သူတို့ တကယ်လို့ IDP စခန်းတွေကို ရောက်အောင်သွားပြီးတော့ IDP မှာ အဲ့မှာ သူတို့အုပ်ချုပ်ရေး တာဝန်ခံတွေရှိတယ်လေ။ သူတို့အနေနဲ့ IDP တွေနဲ့လည်း တွေ့ပေါ့လေ။ ဒီဒုက္ခသည်တွေနဲ့လည်း တွေ့ပြီးတော့မှ အဲ့မှာ တကယ်လိုအပ်တဲ့ဟာကို သူတို့ကိုယ်တိုင် သွားရောက်ပြီးတော့မှ အကူအညီလိုအပ်တဲ့သူတွေကို တိုက်ရိုက်ပေးနိုင်လို့ရှိရင်တော့ ထိရောက်မှု ရှိပါတယ်။”

သူ့ခရီးစဉ်စတင်တဲ့ တနင်္လာနေ့မှာ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးသစ်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာသော် က အတည်ပြု ပြောဆိုပါတယ်။ ရန်ကုန်မြို့ ဗြိတိသျှသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံကြတဲ့ ဒီဆွေးနွေးပွဲမှာ ဗြိတိသျှသံအရာရှိတွေနဲ့ DFID (မြန်မာ) ရဲ့ အကြီးအကဲပါ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း DFID နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အကူအညီပေးနေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းက DFID က ထောက်ပံ့ပေးထားတဲ့ World Vision က လုပ်ဆောင်နေတဲ့ အသေးစား ချေးငွေလုပ်ငန်း၊ စီးပွားဖြစ် အိတ်လုပ်ငန်းကို သွားရောက် လေ့လာခဲ့သလို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင်း DFID အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ Marie Stopes က ဖွင့်လှစ်ထားတဲ့ မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းတွေကိုပါ သွားရောက် လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်တာခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း အပါအဝင် မြန်မာပြည်သူတွေ ရဲ့ ဘဝနေထိုင်မှုတွေကိုပါ ကိုယ်တိုင်သွားရောက် လေ့လာနေတဲ့ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးသစ်ဟာ ဗြိတိန်နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ငွေကြေးအကူအညီတွေ ပိုတိုးပေးဖို့ရှိတဲ့အကြောင်း ဗြိတိန်ဝန်ကြီးရဲ့ခရီးစဉ်အတွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG