သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း စိုးရိမ်နေရုံနဲ့ မြန်မာ့အရေးမပြေလည်နိုင် ဟု NLD တုံ့ပြန်


ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စိုးရိမ်တယ်ဆိုတဲ့ အပြောမျိုးတွေ လုပ်နေရုံနဲ့တော့ မထိရောက်နိုင်ဘူးလို့ NLD ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂကို ဘာကြောင့်များ အခုလို စိတ်ပျက်နေရသလဲ ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် အဖွဲ့အစည်းအဖြစ်က ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောနေရုံနဲ့တော့ မြန်မာ့အရေး ပြဿနာတွေက ပြေလည်နိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဝေဖန် တုံ့ပြန်လိုက်ပါတယ်။

“မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။”

ဦးဝင်းတင်ဟာ ကျန်းမာရေး အားနည်းနေလို့ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးဝါးကုသမှု ခံယူနေရတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အလုပ်မပါတဲ့ ပြောဆိုမှုတွေနဲ့ လုပ်နေလို့ကတော့ အဆင်ပြေလာနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးဝင်းတင်က ထောက်ပြပါတယ်။

“အနိမ့်ဆုံးအဆင့်ကတော့ အလုပ်လုပ်ဖို့ပါပဲ။ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတခု လုပ်ပေးဖို့ပဲ။ အလုပ်ပါတဲ့ ဝေဖန်ပြောဆိုချက်တွေ၊ သုံးသပ်ချက်တွေ လုပ်ပါ။ နောက်ဆက်တွဲ အလုပ်ပါတာတွေ လုပ်ပါ။ အရေးအကြီးဆုံးကတော့ ဒီစစ်အစိုးရကို နိုင်ငံတကာ တရားရုံးမှာ စွဲတင်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုတင်ထားတာ ရှိတယ်။ ဒီအဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းဖို့နဲ့ လုံခြုံရေးကောင်စီ အတွင်းမှာ ဖြတ်သန်းနိုင်ဖို့အတွက် ကြိုးပမ်းပေးဖို့၊ ဒါတခုပေါ့ဗျာ။

“သို့မဟုတ်ရင်လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဒီကိစ္စကို သူ့ရဲ့ သြဇာပိုင်နက် အတွင်းကနေ ညှိနှိုင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ ကျနော် အဲဒီလိုပဲ ထင်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်ကို လာရောက်ခဲ့ဖူးပြီး စစ်အစိုးရ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေဟာလည်း မြန်မာပြည်ကို အကြိမ်ကြိမ်သွားပြီး မပြေမလည် ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို ကြားဝင် စေ့စပ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ် ဆိုပေမဲ့လည်း သိသာတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်မလာခဲ့ပါဘူး။

အခုကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ပါဝင်သင့်တဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်နိုင်ရေး ဖန်တီးပေးဖို့ စစ်အစိုးရကို ကုလသမဂ္ဂဘက်က အကြိမ်ကြိမ် တိုက်တွန်းနေပေမဲ့လည်း အဓိကကျတဲ့ နိုင်ငံရေး အင်အားစုတွေ မပါဝင်ဘဲ ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး တိုက်တွန်း ပြောဆိုမှုတွေဟာ ထိရောက်မှု မရှိဘူးဆိုပြီး အားမလို အားမရ ဖြစ်နေကြတာက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေတင် မကပါဘူး။ မြန်မာပြည်သူတွေထဲမှာလည်း တော်တော်များများက ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေကို ဘဝင်မကျဘဲ ဖြစ်နေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေ၊ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေသာ တယောက်ပြီးတယောက် ပြောင်းလဲသွားကြပေမဲ့ မြန်မာ့ပြဿနာတွေက မပြောင်းလဲဘဲ ရှိနေတဲ့အပေါ် ကုလသမဂ္ဂရဲ့ ထိထိရောက်ရောက် မဆောင်ရွက်တာကြောင့်လို့ အပြစ်တင် ဝေဖန်မှုတွေကလည်း မြန်မာ့နိုင်ငံရေး လောကမှာ မကြာခဏ ဆိုသလို ထွက်ပေါ်နေတတ်ပါတယ်။

XS
SM
MD
LG