အနားယူသွားခဲ့တဲ့ သမ္မတဟောင်းဦးထင်ကျော်နေရာအတွက် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ မြန်မာသမ္မတသစ်ကို ရွေးကောက်တင်မြှောက် ကြတော့မှာ ဖြစ်ပါတယ်။ သမ္မတသစ်အဖြစ် ရွေးချယ်ကြမယ့် ဒုသမ္မတ ၃ ဦးအနက် မတ်လ ၂၃ ရက်နေ့ကမှာ ဒုသမ္မတအဖြစ် အသစ်အရွေးချယ် ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်နဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့အရေး လေ့လာသူတွေရဲ့ အမြင်ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လစ်လပ်သွားတဲ့ သမ္မတနေရာအတွက် ယှဉ်ပြိုင် အရွေးခံရမယ့် ဒုသမ္မတအဖြစ် အရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကိုရွေးချယ်ခဲ့ တာဖြစ်ပြီး တနင်္လာနေ့ မတ်လ ၂၆ ရက်နေ့မှာတော့ သမ္မတအရည်အချင်းတွေနဲ့ ပြည့်စုံမှုရှိကြောင်း ကြေညာခဲ့တာပါ။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ သမ္မတရွေးချယ်တင်မြှေက်ရေးအဖွဲ့က မတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့မှာ ဒုသမ္မတသစ် ဦးဝင်းမြင့်နဲ့ လက်ရှိဒုသမ္မတ ၂ ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ သုံးယောက်အနက်က နိုင်ငံတော်သမ္မတအဖြစ် တဦးကို ပြန်လည်တင်မြှောက်ကြမှာ ဖြစ်ပါတယ်။
သမ္မတဖြစ်လာဖို့များတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတဲ့ အခုအသစ်အရွေးချယ်ခံခဲ့ရတဲ့ ဒုသမ္မတသစ် ဦးဝင်းမြင့်နဲ့ပတ်သက်ပြီး သူနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲက အရွေးချယ်ခံလွှတ်တော်အမတ် တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံရောက် ဒေါက်တာတင့်ဆွေက ခုလိုပြော ပါတယ်။
“ဦးဝင်းမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အရွေးချယ်ခံရတဲ့ လွှတ်တော်အမတ် တဦးဖြစ်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ တွေမှာလည်း ပြန်ပြီးတော့ အရွေးခံရတဲ့ အမတ်ဖြစ်ပါတယ်ခင်ဗျ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ သူထိန်းသိမ်းခံရတာတွေလည်း ရှိပါတယ်။ နည်းနည်းထူးခြားတာကတော့ ၂၀၁၅ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တွေ့ဆုံဆွေးနွေးရေးဆိုပြီးတော့ တောင်းဆိုကြတဲ့အခါမှာ ၄ ပွင့်ဆိုင် ၅ ပွင့်ဆိုင် ၆ ပွင့်ဆိုင်တို့ စသဖြင့် လုပ်တာ တကယ်တမ်းဖြစ်တာကတော့ ၂၀၁၅ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ၅ ပွင့်ဆိုင် လို့ပြောရမယ့် တွေ့ဆုံဆွေးနွေးပွဲဖြစ်တဲ့အခါမှာ ဦးဝင်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အဖွဲ့ထဲမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁ ဦးဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့် NLD မှာ တာဝန်အကြီးဆုံးလူ ၅ ဦးထဲက တဦး ဖြစ်ခဲ့တယ်ပေါ့နော်။”
ဦးဝင်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ အတွင်းရေးမှုး အဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုအရေးကြီးတဲ့ အတွင်းရေးမှုတာဝန်ကို အပေးအပ်ခံရတာမို့ သူ့ရဲ့ အရည်အချင်းကို သိနိုင်တယ်လို့လည်း ပြောပါတယ်။
အခုဒုသမ္မတသစ် ဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ လွှတ်တော်ဥက္ကဌအဖြစ် ကြီးလေးတဲ့တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူ့အပေါ် ကျေနပ်လက်ခံသူ များတယ်လို့ ဂျာမဏီနိုင်ငံ Hombolt တက္ကသိုလ် မြန်မာရေးရာဌာန အငြိမ်းစားကထိက ဦးခင်မောင်စောကပြောပါတယ်။
“သူလွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းက သူတော်တော်လေး ကောင်းကောင်းမွန်မွန်လုပ်ခဲ့တယ်လို့ ပြောတာများပါတယ်။ တချို့လူတွေပြောတာကတော့ ချို့ယွင်းချက်လေးတခု သူ စိတ်အရမ်းတိုတတ်တယ်။ တခါတလေ သူစိတ်ကိုသူမထိန်းနိုင်ပဲနဲ့ ဥက္ကဋ္ဌ ရာထူးကြီးကြီး လူတယောက်အနေနဲ့ ဒီလောက်စိတ်မတိုသင့်ဘူးပေါ့နော် အဲဒါလေးတခုပဲ ချို့ယွင်းချက်အနေနဲ့ပြပါတယ်။ ကျန်တာကတော့ သူပါတီလူတွေကရော ကျန်တဲ့ အတိုက်အခံလူတွေကရော အကောင်းပြောကြပါတယ် ဒါပေမယ့် ကျနေ်ာမြင်တာကတော့ ဦးထင်ကျော်လိုပဲ နာမည်ခံသမ္မတပဲ ဖြစ်မှာပဲ ဘာဖြစ်လိုလဲဆိုတော့ ပါတီမူအတိုင်းပဲသွားမယ်။ သူတို့ပါတီမူဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲချမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း သူတို့လုပ်ရမှာပဲ ဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ရေးထားတဲ့အတိုင်း သမ္မတပုံစံမျိုးတော့ ထွက်လာမှာမဟုတ်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ရေးထားတဲ့သမ္မတက သေချာကို ဥပဒေအတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ အခုတက်လာမယ့် သမ္မတက ဒေါ်အောင်ဆန်းစုကြည် စေရာသွား ခိုင်းတာလုပ် ရတဲ့ သမ္မတဖြစ်မှာပဲ။”
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အရွေးချယ်ခံရတဲ့ သမ္မတသစ်ဖြစ်တဲ့အတွက် မျှော်လင့်ချက်တော့ သိပ်ထားလို့ မရဘူးလို့ပြောသူက ဒေါက်တာတင့်ဆွေပါ။
“သမ္မတဦးထင်ကျော်နဲ့ မတူတဲ့ပုံစံတော့ ဖြစ်ကောင်းဖြစ်နိုင်တယ် ။ ဒါကတော့ လွှတ်တော်ဥက္ကဋ္ဌ တုန်းကလည်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ အတွက်ကြောင့် ဒီကနေ့မြန်မာနိုင်ငံဟာ ဘယ်သူပဲ သမ္မတ ဖြစ်လာ ဖွဲ့စည်းပုံဆိုတဲ့ အကန့်အသတ်ကြီးအောက်ကလုပ်ကြသလို ဒီဖွဲ့စည်းပုံ က အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ တပ်မတော်က နိုင်ငံရေးအရ အရေးကြီးဆုံးနေရာတွေမှာ ပါနေတဲ့ အခင်းအကျင်းတခုနဲ့ နှစ်ပေါင်း ၅၀ ကျော်လူထုပေါ့နော် အမတ်တွေတင်မက လူထု အကောင်အထည်ဖော်လိုက်နာမယ့် လူထုကိုယ်တိုင်ကလည်း အတွေးအခေါ် ပညာအရည်အချင်း၊ စီးပွားရေးတွေ အကုန်လုံးမှာ ချွတ်ခြုံကျ နေတဲ့ အနေအထားတရပ်ကနေ ဆောင်ရွက်တဲ့အတွက် ကျနော်တို့ အများကြီးမျှော်လင့်လို့မရဘူးလို့ မြင်ပါတယ်ခင်ဗျ။”
ဦးဝင်းမြင့်ဟာ ဘူမိဗေဒဘာသာရပ်နဲ့ဘွဲရခဲ့ပြီး အထက်တန်းရှေ့နေအဖြစ်ရော၊ တရားလွှတ်တော်ရှေ့နေပါလုပ်ခဲ့ဘူးတယောက်ပါ။ NLD ပါတီမှာ ပါတီလုပ်ငန်းတွေရော နိုင်ငံရေးမှာပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သူမို့ ဦးဝင်းမြင့်ကိုသာ သမ္မတရာထူးအတွက် ရွေးချယ်ခဲ့မယ်ဆိုရင် သူဟာအရင်သမ္မတထက် ပိုပြီးလုပ်နိုင်ကိုင်နိုင်သူဖြစ်မယ်လို့လည်း မျှော်လင့်နေကြတာပါ။