သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာ ပျက်ကွက်မှု ကုလအတွင်းရေးမှူးချုပ် ဝန်ခံ


UN Secretary-General, António Guterres urges ASEAN member states cooperatively maintain peace in Myanmar, during a press conference at the ASEAN Summit in Phnom Penh, on November 12, 2022. (Khan Sokummono/VOA Khmer)
UN Secretary-General, António Guterres urges ASEAN member states cooperatively maintain peace in Myanmar, during a press conference at the ASEAN Summit in Phnom Penh, on November 12, 2022. (Khan Sokummono/VOA Khmer)

မြန်မာ့အရေးမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဘက်က တာဝန်ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂအကြီးအကဲက ဒီကနေ့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်စည်းဝေးတွေကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဖနွမ်းပင်မြို့တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပချိန် ေျပာဆိုသြားတာပါ။

“မြန်မာနဲ့ပတ်သက်ပြီး အားလုံး တာဝန်ပျက်ကွက်လာခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံး ပျက်ကွက်လာခဲ့တာပါ၊ ကုလသမဂ္ဂ ဆိုတာလည်း ဒီ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါပါတယ်။ မြန်မာပြည်သူတွေ ခံစားလာနေရတာကို တွေ့နေရတာ ကြီးမားပြင်းထန်လွန်းပါတယ်။” လို့ ကုလအကြီးအကဲက အလေးအနက် ပြောလိုက်တာပါ။

မနေ့က အာဆီယံထိပ်သီးပွဲမှာပဲ မြန်မာဘက်က ပျက်ကွက်ခဲ့တဲ့ ဘုံသဘောတူချက် (၅) ရပ်အပေါ် တိုင်းတာနိုင်တဲ့ တိုးတက်မှုရလာရေး အချိန်ဇယား သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ၊ အာဆီယံအနေနဲ့ ရှေ့ဆက်ပိုဖိအားပေး လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာမယ့် အင်ဒိုနီးရှားလက်ထက်မှာ ပိုထိရောက်အောင် တွန်းနိုင်ဖို့ ယုံကြည်ထားတဲ့အကြောင်းလည်း မစ္စတာ Guterres က ပြောပါတယ်။

မြန်မာဘက်က တိုးတက်မှုရှိအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံကို ထိပ်သီးပွဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြင် နောက်ထပ် အစည်းအဝေးတွေမှာပါ တက်ခွင့်မပေးနိုင်တဲ့သဘော အာဆီယံကလည်း ပြောထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဘက်တွေ အနေနဲ့ မြန်မာကိစ္စကို ပိုမိုဝိုင်းကူပေးဖို့လည်း အာဆီယံက ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မစ္စတာ Guterres ကတော့ သူ့အနေနဲ့ အင်ဒိုနီးရှားသမ္မတနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပြီး သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကိုလည်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အိမ်မက်ဆိုးတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ခြိမ်းခြောက်နေတာတွေကို ရပ်တန့်နိုင်ဖို့ တခုတည်းသောလမ်းက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ချက်ချင်းပြန်တက်လာဖို့ပါပဲလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူချုပ် Guterress က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

==== Unicode =====







XS
SM
MD
LG