တာဝန်က အနားယူသွားတဲ့ သမ္မတဦးထင်ကျော်ဟာ ရုပ်သေးဂုဏ်ထူးဆောင်သမ္မတလို့ သတ်မှတ်မှုတွေရှိပေမယ့်၊ သမ္မတကြီးဟာ သမ္မတရာထူးဆိုတဲ့ အရှိန်အဝါနဲ့ ထိုက်တန်ခဲ့သူဆိုတာကိုတော့ အများစုက လက်ခံခဲ့ကြပါတယ်။ သမ္မတ ဦးထင်ကျော် နှစ်နှစ်တာကာလအတွင်း တာဝန်ယူဆောင်ရွက်ခဲ့တဲ့အပေါ် နိုင်ငံရေးနဲ့ အလွှာပေါင်းစုံက သုံးသပ်ထင်မြင်ချက်တွေကိုတော့ မမေခက စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။
ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်ရဲ့သားတဦးဖြစ်တဲ့ သမ္မတကြီး ဦးထင်ကျော်ဟာ စာပေလောက မှာ ဒလဘန်းဆိုတဲ့ အမည်နဲ့ စာရေးသားခဲ့သူတဦးပါ။
စီးပွားရေး၊ အိုင်တီ ပညာရပ်တွေမှာထူးချွန်သူတဦးလည်းဖြစ်ပါတယ်။ လူမှုရေးနယ်ပယ် မှာလဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ အတူ လူသိများခဲ့သူ တဦးဆိုလဲမမှားပါဘူး။ နီးစပ် သူတော်တော် များများနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ သူဟာ အနေအေးသူ စိတ်သဘောထားဖြူသူ စေတနာကောင်းသူ ဘက်စုံထူးချွန်သူလို့နာမည်ရပေမယ့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ ၂နှစ်တာကာလမှာတော့ ဒီလိုထူးချွန်သူရဲ့ အားထုတ်ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့မှု တွေကို ပြည်သူတွေကခံစားခွင့်မရခဲ့ဘူးလို့ သမ္မတကြီးရဲ့ ၂နှစ်တာ လုပ်ဆောင်ချက်တွေအပေါ် သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ကအထွေထွေ အတွင်းရေးမှုး ဦးထွန်းအောင်ကျော်က သမ္မတကြီးဟာ စိတ်သဘောထားဖြူသူ စေတနာကောင်းသူတဦးဖြစ်ပေမယ့် ရုပ်သေး ဂုဏ်ထူးဆောင်သမ္မတသာဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
"ပုဂ္ဂိုလ်ရေးရိုးသားမှု ၊ ပုဂ္ဂိုလ်ရေးထက်မြက်မှု၊ ပညာတော်မှုတွေကို ကျနော်တို့ ယုံမှားနိုင်စရာမရှိဘူး အရင်တုန်းက ကျနော်တို့ ဦးစပ်ရွှေသိုက်တို့ သမ္မတ မန်းဝင်းမောင်တို့လို ဘာအာဏာမရှိတဲ့ သမ္မတပေါ့ခင်ဗျ။"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှုး ဒေါက်တာနန္ဒာလှမြင့်ကတော့ သမ္မတကြီးနဲ့ပတ်သတ်လို့
"သမ္မတ ဦးထင်ကျော်က အေးချမ်းတယ်၊ ရိုးသားတယ်၊ သဘောထားပြည့်ဝတယ်ပေါ့နော် လူကောင်းတယောက်အနေနဲ့ သူ့အပေါ်မှာလေးစားပါတယ်။ ဒါပေမယ့် တကယ်တမ်း နိုင်ငံရဲ့ အပြောင်းအလဲမှာတော့ အဓိကပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် ။ သူ့သမ္မတ သက်တမ်း ၂ နှစ်ကာလမှာတော့ သူ့လုပ်ဆောင်ချက်မရှိဘူးလို့ပြောရမှာပဲ။ Power sharing သဘောမျိုးပေါ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သမ္မတတယောက်ကို တာဝန်ပေးပြီးတော့မှ နိုင်ငံရဲ့ တချို့တာဝန်တွေကို ခွဲဝေထမ်းဆောင်ခိုင်းမယ်ဆိုရင်တော့ ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်တယ်။ "
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်ကလည်း သမ္မတကြီးဟာ တာဝန်ယူခဲ့စဉ်ကာလအတွင်း ထင်သလောက် တိုင်း ပြည်အပေါ် လုပ်ပေးနိုင်စွမ်း မရနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
"တကယ့်သမ္မတက လုပ်ခဲ့တဲ့ကိစ္စဆိုတော့ ကျနော်တို့မြင်တာ တခုပဲ ကလေးစာပေ ကိစ္စလေးတခုပဲ တွေ့ရပါတယ် တကယ့်ထူးထူးခြားခြား ဆောင်ရွက်သွားနိုင်တာ မတွေ့ရပါဘူး။ အရှင်းဆုံးပြောရရင်တော့ ရုပ်ပြသမ္မတ တဦးအနေနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။"
မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူတဦးဖြစ်တဲ့ ကိုသက်ဇင်ကတော့ သမ္မတကြီးရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သတ်လို့ ပြည်သူတဦးအနေနဲ့ အခုလို သုံးသပ်လိုက်ပါတယ်။
"သမ္မတကြီးက သမ္မတနဲ့ ထိုက်တန်တဲ့ လူဖြစ်ပေမယ့်၊ သမ္မတနဲ့ ထိုက်တန်တဲ့ သေသေချာချာလုပ်ပိုင်ခွင့်မရခဲ့ဘူးဆိုတာကတော့ အားလုံးသိမှာပေါ့နော် သမ္မတက ဘာတွေလုပ်ခဲ့သလဲဆိုတော့ ဒီအချိန်မှာ ဘာမှတော့ သေသေချာချာ သိသိသာသာ ထင်ထင်ရှားရှားမရှိပေမယ့် သမ္မတဟာ ပြည်သူချစ်တဲ့ သမ္မတတယောက်ဖြစ်တယ်။ အခုနုတ်ထွက်သွားတာကြောင့် အားလုံးကလည်း စိတ်မကောင်းဖြစ်နေတယ်။"
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်ကနေ အနားယူလိုတာကြောင့် သမ္မတရာထူးကနေ နုတ်ထွက်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတရုံးကနေ ထုတ်ပြန်ကြေညာလိုက်တာကြောင့် မကြာခင် သမ္မတသစ်ရွေးတော့မှာဖြစ်ပါတယ်။ ပြည်သူ တွေကြားမှာ သမ္မတအသစ် ဘယ်သူဆက်ခံမလဲဆိုတာ စိတ်ဝင်စားနေချိန်မှာပဲ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လက်ရှိတာဝန်က နုတ်ထွက်ကြောင်း ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးလေ့လာသူတွေ ကတော့ ဦးဝင်းမြင့်ဟာ သမ္မတဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။
ဒီလို သုံးသပ်မှုတွေကြားမှာ ပြည်သူတဦးဖြစ်တဲ့ ကိုသက်ဇင်ကတော့ နောက်တက်လာမယ့် သမ္မတနဲ့ပတ်သတ်လို့ သူ့မျှော်လင့်ချက်ကို အခုလိုပြောဆိုလိုက်ပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ အဓိက အထွတ်အထိပ်က နိုင်ငံတော်သမ္မတပေါ့ ဒီကိစ္စတွေအားလုံးကို စီမံခန့်ခွဲပြီးလုပ်ဆောင်ရမယ်ပေါ့နော် အဲဒီလိုလုပ်ဆောင်နိုင်တဲ့ သမ္မတမျိုး ကျနော်တို့နိုင်ငံမှာ ဖြစ်နိုင်မယ်လို့လည်း မထင်ဘူးပေါ့နော် ။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာမှာရော အာဆီယံမှာရော အောက်ကျ ဖြစ်နေတဲ့ နိုင်ငံကနေပြီးတော့ ဆွဲတင်နိုင်တဲ့ အရည်အချင်းရှိတဲ့ သမ္မတမျိုး ကျနော်တို့ လိုချင်ပါတယ်။"
သမ္မတ ဦးထင်ကျော် ရာထူးကနေ အနားယူသွား တာ ကျန်းမာရေးမကောင်းတာကြောင့် လို့ပဲ အများက ယူဆထားကြပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ လစ်လပ်နေတဲ့သမ္မတနေရာမှာ ဖွဲ့စည်းပုံအရ ဒုသမ္မတဖြစ်သူ ဦးမြင့်ဆွေက ယာယီ တာဝန်ယူရမှာဖြစ်ပြီး မကြာခင်သမ္မတသစ်ရွေးချယ် သွားမှာပါ။