(Zawgyi/Unicode)
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ အမှုမှာ ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ပွဲစား တဦးက နယူးယောက်မှာရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ငွေပေး ခိုင်းစေခဲ့တာမျိုး စစ်ဆေးပေါ်ပေါက် ခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ အခုလို ကြံစည်တယ်ဆိုတဲ့အမှု ပေါ်ပေါက်ခဲ့ပြီးနောက် ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် အမေရိကန်တာဝန်ရှိသူတွေ အချိန်ပြည့် အကာအကွယ် ပေးထားကြောင်း သူက ပြောပါတယ်။ ဒီလို လုပ်ကြံဖို့ ကြံစည်မှုကို ဘယ်လို သိရှိခဲ့ပါသလဲလို့ VOA ကိုဉာဏ်ဝင်းအောင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မေးမြန်းရာမှာ ခုလို စရှင်းပြပါတယ်။
ဦးကျော်မိုးထွန်း။ ။ ကျနော် Tuesday မှာတော့ အဲလိုမျိူးပေါ့နော်။ ကျနော်နဲ့ပက်သက်ပြီးတော့ တခုခု အသက်အန္တရာယ်ရှိအောင်ပေါ့နော် သူတို့လုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းကြားတယ်ပေါ့နော်။ ကျနော့်ကို ဒီလိုလုပ်ဖို့ရှိတယ်။ ငွေပေးပြီးတော့ ငှါးထားတယ်တို့၊ ဘာတို့ဆိုပြီးတော့။ အဲလိုသတင်းစကြားတာပေါ့ခင်ဗျ။ ကြားတော့ ဒီမှာရှိတဲ့ US ဖွဲ့ရုံးကိုတော့ ဒီမှာရှိတဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေကိုပေါ့၊ FBI ကို ကျနော်တို့အကြောင်းကြားခဲ့ပါတယ်ခင်ဗျ။ အကြောင်းကြားပြီးတော့ လိုအပ်တဲ့ ဥစ္စာကိုတော့ FBI တို့၊ သူတို့ရဲ့လုံခြုံရေးအဖွဲ့အစည်းတွေကနေပြီးတော့ ဆက်လက်ဆောင်ရွက်သွားတာပါခင်ဗျ။ ကျနော်အဲဒီလိုမျိုး အသိပေးပြီးတဲ့ အင်္ဂါနေ့ထဲက စပြီးတော့ ဒီဘက် သက်ဆိုင်ရာ အစိုးရကတော့ လိုအပ်တဲ့ လုံခြုံရေးတို့၊ ဘာတို့တော့ သူတို့ပံ့ပိုးပေးထားပါတယ်ခင်ဗျ။
ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ အခု အမေရိကန်တာဝန်ရှိသူတွေဘက်ကဖော်ထုတ်လိုက်တဲ့ မြန်မာလူငယ်နှစ်ဦးနဲ့သံအမတ်ကြီးက အရင်တုန်းက တွေ့ဆုံတာမျိုးရော ရှိပါသလား။
ဦးကျော်မိုးထွန်း။ ။ မရှိပါဘူးခင်ဗျ။ ဟုတ်ကဲ့။
ကိုဉာဏ်ဝင်းအောင်။ ။ ကျနော်တို့နယူးယော့ခ် အသိုင်းအဝိုင်းက ကြားရတဲ့ သတင်းတွေအရပေါ့နော် ဒီလူငယ်နှစ်ဦးဟာ သံအမတ်ကြီးရှိနေတဲ့ မြန်မာသံရုံးအဝန်းအဝိုင်းထဲကိုတောင် ရောက်ခဲ့ဘူးတဲ့လူတွေလို့ကြားသိရပါတယ်။ အဲဒီအပိုင်းမှာရော သံအမတ်ကြီး… …။
ဦးကျော်မိုးထွန်း။ ။ အဲဒီထဲမှာ သိမှာပေါ့နော်၊ တယောက်ကတော့ ကျနော်တို့ရုံးမှာ နေ့ဘက်ဆိုရင် လုံခြုံရေးအတွက်ပေါ့နော် Volunteer လာစောင့်ပေးနေတဲ့ သူတွေရှိပါတယ်။ အဲဒီလူတွေကျတော့ အလှည့်နဲ့သွားနေကြတဲ့ဥစ္စာတွေရှိတယ်။ ဒါက Volunteer ပါ။ အဲဒီထဲမှာတော့ ကလေးတယောက်ကတော့ လာပြီးစောင့်ပေးဖူးတယ်လို့ သိရတယ်ပေါ့နော်။ ကျနော် နဲ့တော့ တခါမှတော့ မတွေ့ဖူးလိုက်ဘူးပေါ့နော်။ ကျနော်သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တွေ့ပြီးတော့ ကျနော်သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျနော်သတိထားမိတဲ့ အထဲမှာတော့ မပါဘူး။ နောက်ပြီးတော့ ကျနော် အကြမ်းဖျဉ်းသိရတာတော့ အဲဒီလိုမျိုး ဂျွန်လလောက်က လာခဲ့ဖူးတယ်လို့တော့ သိရတယ်ဗျာ။ ဟုတ်ကဲ့။
ကိုဉာဏ်ဝင်းအောင်။ ။ အဲဒါက အသက် ၂၀ နဲ့၂၈ အရွယ်ထဲမှာ အငယ်တယောက်လား၊ အကြီးတယောက်လားခင်ဗျ။
ဦးကျော်မိုးထွန်း။ ။ အတိအကျတော့ ကျနော်မသိဘူးခင်ဗျ။ ဟုတ်ကဲ့။
ကိုဉာဏ်ဝင်းအောင်။ ။ သံအမတ်ကြီးကို အသက်အန္တရာယ်ရန်ရှာမယ်ဆိုတဲ့ သတင်းကိုကြားတဲ့အချိန်မှာ သံအမတ်ကြီး စိတ်ထဲမှာ ဘယ်လို စဖြစ်ပါသလဲ။
ဦးကျော်မိုးထွန်း ။ ။ ထွေထွေထူးထူးတော့ ဘယ်ရယ်လို့မှမရှိပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ဥစ္စာ ခုနကပြောသလို သက်ဆိုင်တဲ့သူတွေကို သတင်းပို့တာမျိုးပဲ လုပ်ဖြစ်ပါတယ်။ အခြားဒီ ကျနော်တို့နဲ့ရင်းနီးတဲ့သူတွေ၊ မြန်မာအသိုင်းအဝိုင်းတွေကတော့ သတိထားပြီးနေဖို့တော့ တောက်လျှောက်တော့ ပြောနေတာပေါ့။ အစထဲကပေါ့နော်။ အဲဒါမျိုးတော့ ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ အခု အမေရိကန်တာဝန်ရှိသူတွေဖော်ထုတ်လိုက်တဲ့ သံအမတ်ကြီးအပေါ် အသက်အန္တရာယ်ပြုနိုင်လောက်တယ်လို့စွပ်စွဲခံထားရတဲ့ လူငယ်နှစ်ဦးပေါ့လေ။ သူတို့စိတ်ဆန္ဒနဲ့လုပ်တာမျိူးဖြစ်နိုင်သလား။ ဒါမှမဟုတ်ရင် တစုံတယောက်က နောက်ကွယ်ကနေတွန်းအားကြောင့် သူတို့တွေဟာ ဒါမျိုးတွေကို လုပ်လာသလား။ သံအမတ်ကြီး အဲဒီအပိုင်းမှာ ဘယ်လိုမျိုး သုံးသပ်ပါသလဲ။
ဦးကျော်မိုးထွန်း။ ။ ကျနော့်အနေနဲ့ တော့ သူတို့ရဲ့ ရင်ထဲကရှိတာကို ပြောလို့ခတ်တာပေါ့နော်။ ဒါပေမယ့် Department of Justice ကနေပြီးတော့ ထုတ်ပြန်တဲ့အထဲမှာလည်း ဘန်ကောက်မှာရှိတဲ့ လက်နက်ပွဲစား Arm Dealer တယောက်က ခိုင်းတယ်ဆိုပြီးတော့ ဖော်ပြထားတာတော့ တွေ့တယ်။ အဲဒီထက်တော့ ပိုပြီးတော့ ကျနော်မသိပါဘူးခင်ဗျ။
ကိုဉာဏ်ဝင်းအောင်။ ။ တခုကလည်းလေ နယူးယောက် သံရုံးကနေ သံအမတ်ကြီးကိုဖယ်ရှားတဲ့ လှုပ်ရှားမှုတချို့ပေါ့လေ။ အစောပိုင်းမှာရှိခဲ့တယ်လို့ကျနော်တို့ကြားသိခဲ့ရဖူးပါတယ်။ အဲဒါက ဘယ်လိုမျိုးပါလဲ။
ဦးကျော်မိုးထွန်း။ ။ ရုံးကနေ ဖယ်ရှားတာကတော့ အဲဒီသဘောတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မိန့်ခွန်းပြောပြီးတော့ ၂၇ ရက်နေ့မှာ ကျနော့်ကို Dismiss လုပ်တယ်လို့ပြောတယ်။ ဒီရုံးနဲ့မဆိုင်တော့ဘူးဆိုတဲ့ ဥစ္စာ အကြောင်းကြားတာတွေရှိတယ်ပေါ့နော်။ ခုနကပြောတဲ့ လူအင်အားနဲ့လာပြီး လုပ်တယ်လို့တော့ မရှိတော့ မရှိပါဘူး။ ဟိုအရင်ကတော့ သတင်းတွေထွက်တယ်။ စစ်သံမှုးကြီးဆင်းလာတာတို့၊ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဆင်းလာတာတို့ အဲလိုမျိုးတွေ သတင်းထွက်တာမျိုးတော့ ရှိပါတယ်။ ဒါတွေက မှန်းကြီးတော့ ပြောတဲ့ဥစ္စာတွေပဲရှိပါတယ်။ သူတို့ကာယကံရှင်အနေနဲ့တော့ ပိုတော့ သိတာပေါ့နော်။
ကိုဉာဏ်ဝင်းအောင်။ ။ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ဒီ စက်တင်ဘာလထဲမှာ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံနဲ့ပက်သက်လာရင် ဦးကျော်မိုးထွန်းကို ခန့်အပ်မလား။ ဒါမှမဟုတ်ရင် စစ်ကောင်စီက တင်သွင်းလိုက်တဲ့ ကိုယ်စားလှယ်ကိုပဲ ခန့်အပ်မလားဆိုတဲ့ ဆုံးဖြတ်ရမယ့် အခန်းကဏ္ဍတခုရှိနေပါတယ်။ အဲဒီမတိုင်ခင်လေးမှာ သံအမတ်ကြီးရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ ကိစ္စကြီးပေါ်လာတဲ့အတွက်ကြောင့်မို့လို့ သံအမတ်ကြီးဟာ ကုလသမဂ္ဂဌာနချုပ်ကြီးမှာ တာဝန်ဆက်လက်ထမ်းဆောင်ဖို့အတွက်ပိုပြီးတော့ အခွင့်သာသွားစေတယ်လို့သုံးသပ်တာတွေရှိတယ်။ ဆိုတော့ သံအမတ်ကြီး ဘယ်လို မြင်မိပါလဲ။
ဦးကျော်မိုးထွန်း။ ။ ဒီလိုကိစ္စတွေနဲ့ပက်သက်လို့ပေါ့နော်။ အမှန်တရားဟာ ဖုံးကွယ်လို့မရပါဘူး။ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် အသုံးပြုသွားနိုင်မယ်ဆိုရင်တော့ ဘာမဆိုကောင်းပါတယ်ခင်ဗျ။ အခုလာမယ့် စက်တင်ဘာမှာ Credential နဲ့ပက်သက်ပြီတော့ စိန်ခေါ်မှုတွေရှိလာမယ်။ အဲဒီလိုမျိုးစိန်ခေါ်မှုတွေရှိတဲ့ အခါမှာ UN မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ Seat က အရေးကြီးပါတယ်။ အဲဒီ Seat ကို မြန်မာပြည်သူတွေရဲ့ အသံကို ပြောကြားပေးမယ့်၊ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကသာ ဆက်ရှိနေခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ အကျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးအတွက်ကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့အားလုံးက ယုံကြည်ထားပြီးဖြစ်တယ်ပေါ့။ ဒါကြောင့် ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလိုမျိုးရှုမြင်အောင် ကျနော်တို့တွေ ဆက်လက်ပြီးတော့ စည်းရုံးပြီး ပြောကြားသွားဖို့လိုပါတယ်။
.........................................................................................
(Unicode)