သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦး မိသားစုတွေ့ခွင့်မရ


ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦး (Facebook)
ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦး (Facebook)

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ကို မိသားစုရော ရှေ့နေပါ အခုချိန်အထိ တွေ့ခွင့်မရသေးတဲ့အပေါ် သူတို့ရဲ့လုံခြုံရေး သတင်းသမားတွေဘက်က စိုးရိမ်တကြီးဖြစ်နေကြပါတယ်။ အခုလို နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှုဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ်မှာလည်း ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို သတင်းမီဒီယာ အဖွဲ့တွေဘက်က ထုတ်ပြန်နေကြပါတယ်။ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ရဲဘက်က ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ဆုံခဲ့တဲ့ ရိုက်တာသတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခေါ်)ကိုဝလုံး နဲ့ ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ်အစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ၊ ပုဒ်မ ၃ ကိုဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုအချိန်အထိ သတင်းထောက်နှစ်ဦးကို ဘယ်မှာ ထိန်းသိမ်းထားတယ် သူတို့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မိသားစုရော ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့်သူတွေပါ ဘယ်သူမှ မသိရသေးဘူးလို့ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က နောက်ဆုံးသိရတဲ့အခြေအနေ အခုလိုပြောပြပါတယ်။

“လက်ရှိအချိန်အထိ သူတို့ကို ပေးမတွေ့သေးဘူး ။ သူတို့ကို စစ်ဆေးရေး၊ စစ်ကြောရေးဆိုတဲ့အကြောင်းနဲ့ သူတို့ကို ပေးမတွေ့သေးဘူး။ ရှေ့နေကလည်း မတွေ့ရသေးဘူးပေါ့လေ။ ရှေ့နေကလည်း ပါဝါတော့မတင်ရသေးပါဘူး။ ဒါပေမယ့် အမေရိကန်၊ နယူးယောက်က ရှေ့နေနဲ့ ပြည်တွင်းရှေ့နေတယောက်နဲ့ ချိတ်ဆက်ပြီး သူတို့လိုက်မယ်လို့တော့ကြားထားတယ်။ သို့ပေမယ့် တရားဝင်တော့ တရားရုံးတို့ဘာတို့ ရဲစခန်းတို့ကို စာမရောက်သေးဘူး။”

နိုင်ငံတော် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူတဲ့အတွက် ထိရောက်စွာအရေးယူမယ်ဆိုပီး ပြန်ကြားရေးဝန်ကြီးဌာနက သူတို့နှစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီးထားတဲ့ပုံနဲ့တကွ လူထုကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလိုမျိုး သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အပေါ် သတင်းသမားတွေဘက်က ဆန့်ကျင်ကန့်ကွက်ကြောင်း သတင်းလုပ်ငန်းခွင်အတွင်း၊ နောက် လုပ်ငန်းတာဝန်နဲ့ သွားလာနေစဉ်အတွင်း သတင်းလွတ်လပ်ခွင့် အမှောင်ကျနေကြောင်း ဖေါ်ပြတဲ့ အမည်းရောင်ဝတ်ဆင်ကြမယ့် Black Campaign အမည်းရောင်လှုပ်ရှားမှုတွေကို ဒီဇင်ဘာ ၁၆ရက်နေ့က စတင်လှုပ်ရှားကြတယ်လို့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ PCMJ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ ဦးဆောင်ကော်မတီဝင် ကိုသာလွန်ဇောင်းထက်က အခုလိုပြောပြပါတယ်။

“ဒီအမဲရောင်ကို သတင်းသွားယူတဲ့အချိန်မှာရော သူ့ရဲ့ သတင်းအလုပ်လုပ်နေတဲ့ အချိန်မှာရော Campaignကို စလိုက်တာပေါ့နော် ။ Activity က ဘယ်အချိန်လောက်စဖြစ်သလဲဆိုတော့ သူတို့ ရုံးထုတ်တဲ့အချိန်စဖြစ်မယ်။ နောက်ပြီးတော့ တခြား ကွန်ယက်တွေနဲ့လည်း ညှိနေတာတွေရှိတယ်။ အဲလိုနယ်တွေမှာရှိတဲ့ ကွန်ယက်တွေရဲ့ လှုပ်ရှားမှုတွေမှာ ကျနော်တို့ ဝင်ပါမှာပေါ့။ နောက်တခုက ကျနော်တို့ နေပြည်တော်ကို တက်ပြီးတော့ အကြောင်းကြားစာပေါ့နော် ဒါမျိုးမလုပ်သင့်ဘူး မလုပ်အပ်ဘူး ဆိုတာမျိုးပေါ့နော်။ ဒီလိုမျိုးလုပ်လို့ရှိရင် မီဒီယာနဲ့ အစိုးရကြားထဲမှာ ရန်သူသဖွယ်ဆက်ဆံရေးဖြစ်သွားမယ်ဆိုတဲ့ အသိပေးအကြောင်းကြားစာပေါ့နော်။ အဲဒါကိုကျနော်တို့ ပေးဖို့လည်းရှိတယ်အဲဒါကို။”

အခုလို သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှုဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးတာဖြစ်ပြီး သတင်းသမားတွေအပေါ် ဖိနှိပ်တာဖြစ်တဲ့အတွက် သတင်းသမားတွေဘက်က ဒီအပေါ် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြန်ကြားရေးနဲ့ ပြည်ထဲရေးတာဝန်ရှိသူတွေအပေါ် စာတွေပေးပို့တောင်းဆိုသွားဖို့ရှိသလို သတင်းသမားတွေ ရုံးထုတ်စစ်ဆေးချိန်တွေ အပါအဝင် သတင်းသမားတွေ စုဝေးပြီး ဆန္ဒထုတ်ဖော်သွားကြဖို့လည်းရှိတယ်လို့ ကိုသာလွန်ဇောင်းထက်ကပြောပြပါတယ်။

“ရခိုင်ကိစ္စသည် သတင်းသမားတွေက သတင်းပေးလို့ ရခိုင်ကိစ္စက ပြဿနာပိုကြီးသယောင် သတင်းစာတွေမှာရေးတဲ့ ကိစ္စက ကျနော်တို့မှာ လူတွေကို ပြန်လိုက်ရှင်းဖို့ ကျနော်တို့ တာဝန်ရှိနေတယ်။ ရခိုင်ကိစ္စကြောင့် မင်းတို့ကောင်တွေ ဒေါ်လာယူပြီးတော့ သတင်းရောင်းစားတယ် ဒီလိုမျိုးအမြင်မျိုးတွေကို အစိုးရနဲ့ ပြန်ကြားရေးက ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တဲ့အတွက်ကြောင့် ကျနော်တို့မှာ လူထုကြားမှာအထင်လွဲတာတွေလည်းရှိတယ်။”

သတင်းသမားနှစ်ဦး အဖမ်းဆီးခံရတဲ့အချိန်ကစလို့ မြန်မာသတင်းအဖွဲ့အစည်းတွေအသီးသီးက ဆန့်ကျင်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက် အသီးသီးထုတ်ပြန်သလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် သတင်းမီဒီယာသင်တန်းအစီအစဉ်အချို့ကိုလည်း ဒီလိုဖမ်းဆီးခံရတဲ့အပေါ် မကျေနပ်ကြောင်းပြသတဲ့အနေနဲ့ ဖျက်သိမ်းခဲ့ကြပါတယ်။ အခုလို သတင်းသမားတွေနဲ့ အရပ်သားအစိုးရကြား တင်းမာမှုတွေဖြစ်လာတဲ့အနေအထားအပေါ် သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနဘက်က ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းမှုမျိုး ထုတ်ပြန်မှုမျိုးကို အလေးအနက်ထားဆောင်ရွက်သင့်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ဦးဆောင်သူလည်းဖြစ်တဲ့ ကိုမြင့်ကျော်က အကြံပြုပါတယ်။

“ပြန်ကြားရေးကထုတ်ပြန်တဲ့ သတင်းအချက်အလက်ထုတ်ပြန်မှုမှာ ရေးသားတာတွေက တော်တော်ကို သတင်းသမားတွေရော၊ အဖွဲ့စည်းတင်မက သတင်းသမားတွေ ဘယ်သူမှ လက်မခံနိုင်တဲ့ အရေးအသားမျိုးနဲ့ စွပ်စွဲချက်တွေနဲ့အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ နဲ့ စွပ်စွဲတာ အဲဒါလည်းတော်တော်ဆိုးဝါးပါတယ်။”

ရိုက်တာသတင်းထောက်၂ ဦးအပါအဝင် လုံခြုံရေးရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦးကိုလည်း အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့လည်း ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးကဆုံးဖြတ်ရင်တော့ လက်ရှိတည်ဆဲ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ(၃)အရ ထောင်ဒဏ်၁၄နှစ်အထိ ချမှတ်နိုင်တာပါ။ အခုလို သတင်းသမားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာဘက်က စိုးရိမ်မကင်းကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG