မြန်မာနိုင်ငံမှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို အာမခံပေးရေး၊ မပေးရေး ဒီကနေ့ ကြာသာပတေးနေ့မှာ ရန်ကုန်တရားရုံးတရုံးက ဆုံးဖြတ်ဖို့ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေး သတင်းလိုက်နေတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြစ်မှုထင်ရှား စီရင်ခံရရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ် ထိ ကျခံရဖွယ်ရှိနေတာပါ။ ဖမ်းဆီးခံထားရတာကတော့ ရက်သတ္တပတ် ၆ ပတ်ကျော်ခဲ့ပါပြီ။ သူတို့ နှစ်ဦးဟာ အရေးကြီးတဲ့ လျှို့ဝှက်အထောက်အထားတွေကို ရဲ နှစ်ဦးဆီက ရယူခဲ့တယ်လို့ ရဲဘက်စွပ်စွဲ ထားပေမယ့် သူတို့က ဒါကို ငြင်းဆန်ထားပါတယ်။ သူတို့ကို ဖမ်းဆီးထားချိန်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ် မှုတွေရှိနေတယ်လို့ နိုင်ငံတကာက ဝေဖန်ပြောဆိုနေချိန်ဖြစ်ပါတယ်။
သူတို့ရဲ့ အာမခံ လျှောက်ထားမှုကို အစောပိုင်းတုန်းက တရားရုံးက ပယ်ချခဲ့ပါတယ်။