ပြီးခဲ့တဲ့ လတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက စားသောက်ဆိုင်တခုမှာ အတိုက်ခိုက်ခံခဲ့ရတာနဲ့ ပါတ်သက်ပြီး ပါဝင်ပါတ်သက်မှု ရှိတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတွေကပြောပါတယ်။ အဲဒီ အမျိုးသား ၂ ဦးဟာ အတိုက်ခိုက်ခံရချိန်က ဆိုင်ထဲမှာ စားသောက်နေသူတွေလို့ ပြောပါတယ်။
ဗြိတိသျှနိုင်ငံသား Hasnat Karim နဲ့ Toronto တက္ကသိုလ် ကျောင်းသား Tahmid Khan တို့ ၂ ဦးကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက Dhaka မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ရဲက ပြောပါတယ်။ သူတို့ကို ၈ရက်ကြာ ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ ဇူလိုင်လ ၁ ရက်နေ့က Dhaka က Holey Artisan ဆိုင်ကို သေနတ်သမား ၅ ဦး ဝင်စီးပြီး လူ ၂၀ ကို သတ်ဖြတ်ပြီး တခြားလူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားစဉ်က ဆိုင်ထဲမှာ ရှိနေတာပါ။
အခင်းဖြစ်ပွါးပြီးကတည်းက သူတို့ ၂ ဦးပျောက်နေတာ ဖြစ်ပြီးရဲတွေက အခုလို ဖမ်းဆီးကြောင်း မကြေငြာခင်အထိ သူတို့ကို ဖမ်းထားတယ် ဆိုတာကို ငြင်းဆိုခဲ့တာပါ။
အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Karim ရဲ့ ဆွေမျိုးတွေကတော့ သူနဲ့ သူ့မိသားစုဟာ အဲဒီ့အတိုက်ခိုက်ခံရချိန်က သူ့သမီးလေးရဲ့ အသက် ၁၃ နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပနေကြတယ်လို့ ပြောသလို သူ့ရဲ့ လန်ဒန်အခြေစိုက် ရှေ့နေကလည်း သူဟာ ဘယ်အကြမ်းဖက် အဖွဲ့နဲ့မှ ပါတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ သူဟာ တိုက်ခိုက်သူ ၂ ဦးတက်ရောက်နေတဲ့ Dhaka က ပုဂ္ဂလိက တက္ကသိုလ်မှာ ဆရာလုပ်ခဲ့ဘူးသူ ဖြစ်ပြီး အခု စီးပွါးရေး လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။
နောက်တဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Khan ကတော့ Toronto တက္ကသိုလ်မှာ ကျောင်းတက်နေသူဖြစ်ပြီး Dhaka ကို ကျောင်းအားရက် ခဏပြန်လာသူ ဖြစ်ပါတယ်။
ဒီသီတင်းပါတ် အစောပိုင်းတုန်းကတော့ ဒီ တိုက်ခိုက်မှုကို ကြိုးကိုင်နေသူဟာ ကနေဒါ နိုင်ငံသား Tamim Chowdhury ဖြစ်ပြီး သူဟာဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိ စုံစမ်းနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။