ဆီးရီးယား နိုင်ငံ မြောက်ပိုင်းကို တူရကီ တပ်ဖွဲ့တွေက ဒီကနေ့ တနလာၤနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံ Afrin ဒေသက ကာဒ့် ပြည်သူ့စစ်တွေ အပေါ် စစ်ဆင်ရေးက အချိန်တို အတွင်း ပြီးဆုံးသွားမယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောဆိုနေကြချိန်မှာဘဲ ဖိပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
Afrin ရဲ့ အနောက်မြောက်ပိုင်းမှာ တူရကီ တပ်ဖွဲ့တွေနဲ့ ဒီကနေ့ တိုက်ပွဲ ဖြစ်တယ်လို့ ကာဒ့် ပြည်သူ့စစ် YPG ဘက်ကလည်း ပြောဆိုထားတာပါ။ တူရကီ စစ်တပ်ရဲ့ အခု ထိုးစစ်ကြောင့် တူရကီ နိုင်ငံရဲ့ အကြမ်းဖက်ခံရမှု အန္တရာယ်ကို လျော့ပါးသက်သာစေမယ်လို့ ဒုတိယ ဝန်ကြီးချုပ် Mehmet Simsek က ပြောဆိုပါတယ်။ Afrin ကို ထိန်းချုပ်ထားတဲ့ YPG ပြည်သူ့စစ်တွေက တူရကီ နိုင်ငံတွင်း သူပုန်ထမှုနဲ့ ချိတ်ဆက်မှု ရှိနေတယ်လို့ တူရကီ အစိုးရက စွပ်စွဲထားတာပါ။
အစ္စလာမ္မစ် အစွန်းရောက် IS ကို ချေမှုန်းတဲ့ စစ်ပွဲ အတွင်း တူရကီရဲ့ မိတ်ဘက်တွေ ဖြစ်တဲ့ အမေရိကန်၊ နေတိုး တပ်ဖွဲ့တွေ အတွက် ကာဒ့် ပြည်သူ့စစ်တွေက အရေးပါတဲ့ မဟာမိတ် ဖြစ်ပါတယ်။ တူရကီ မြို့တွေ တိုက်ခိုက်ခံရမယ့် အရေးကနေ ကာကွယ်ရေး အတွက် Afrin ဒေသတွင်းမှာ ၃၀ ကီလိုမီတာ လုံခြုံရေး အရံအတား ထားရေး ရည်ရွယ်ပြီး သံလွင်ခက်လို့ နာမည်ပေးထားတဲ့ အခု စစ်ဆင်ရေးကို ဆောင်ရွက်တာလို့ တူရကီ ဝန်ကြီးချုပ် Binali Yildirim က ပြောပါတယ်။