သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းကြိုးပမ်းမှုအပြီး တူရကီ-ရုရှားဆက်ဆံရေးကောင်းနိုင်


ရုရှားသမ္မတနဲ့ တူရကီသမ္မတ တွေ့ဆုံကြစဉ်။
ရုရှားသမ္မတနဲ့ တူရကီသမ္မတ တွေ့ဆုံကြစဉ်။

တူရကီနိုင်ငံမှာ ဇူလိုင်လ ၁၅ရက်နေ့က အာဏာသိမ်းဖို့ကြိုးပမ်းမှု ကျဆုံးသွားပြီးတဲ့နောက် အလားအလာကောင်းနိုင်ဖွယ်ကိစ္စတခုကတော့ တူရကီ-ရုရှားဆက်ဆံရေးပဲဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Dorian Jones က Istanbul မြို့က သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက ပြောပြပေးထားပါတယ်။

သွေးထွက်သံယို အာဏာသိမ်းမှုအပြီးမှာ တူရကီသမ္မတ Recep Tayyip Erdogan ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးပွဲတရပ်ကို အဆောတလျင် စီစဉ်ခဲ့တဲ့အတိုင်း အခုလာမယ့် သြဂုတ်လ ၉ရက်ကျရင် St. Petersburg မှာ သူတို့နှစ်ဦး တွေ့ဆုံကြတော့မှာပါ။ အာဏာသိမ်းပွဲဖြစ်ပွားနေစဉ်မှာပဲ သမ္မတ Putin က သမ္မတ Erdogan ကို ချက်ခြင်းထောက်ခံလိုက်တဲ့အတွက် အခုလိုတွေ့ဆုံဖို့ကိစ္စ ပိုမိုအဆင်ပြေစရာဖြစ်လာတယ်လို့ တူရကီနိုင်ငံ Kadir Has တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Soli Ozel က သုံးသပ်ပါတယ်။

" အာဏာသိမ်းမှုဖြစ်နိုင်တယ်ဆိုတာ တူရကီကို ပထမဦးဆုံး သတိပေးတာ ရုရှဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေ ရှိနေပါတယ်။ သမ္မတ Erdogan အနေနဲ့ ဒါဟာ ပထမဦးဆုံး ကမ္ဘာ့ခေါင်းဆောင်တယောက်နဲ့ အဓိက တွေ့ဆုံတာ လည်းဖြစ်ပါတယ်။ အာဏာသိမ်းကြိုးပမ်းမှုအပြီး ဒါဟာ ပထမဆုံးဖြစ်နေတာလည်း ပိုထူးခြားနေပါတယ်။"

အနောက်နိုင်ငံတွေက တူရကီအာဏာသိမ်းမှုကို ရှုတ်ချဖို့ နောက်ကျနေခဲ့တဲ့ အတွက် ဖြစ်လာရတဲ့ တူရကီရဲ့ဒေါသကို သမ္မတပူတင်က အခွင့်ကောင်းယူဖို့ ကြိုးပမ်းလိုက်မယ်လို့ အကဲခတ်သမားတွေက ဆိုကြပါတယ်။

တူရကီနိုင်ငံရေးဆောင်းပါးရှင် Semih Idiz ကတော့ အခုလိုအချိန်မျိုးမှာ Erdogan ရုရှားကိုသွားမယ့်ကိစ္စဟာ သမ္မတ Putin အတွက် အကွက်ကောင်းပဲလို့ ဆိုပါတယ်။

"တစ်သီးပုဂ္ဂလတွေဆီကရော အစိုးရအဖွဲ့ဝင်တွေဆီကပါ အနောက်တိုင်း ဆန့်ကျင်ရေးဆောင်းပါးတွေ ကြေညာချက်တွေ အများကြီးရှိနေပါတယ်။ အမေရိကန်ဆန့်ကျင်ရေးတွေ၊ နေတိုးဆန့်ကျင်ရေးတွေလည်း အများအပြားပါပဲ။ ဒီနေရာမှာတော့ နိုင်ငံခြားရေးဝါဒအတွက် ပြဿနာကြုံတွေ့နိုင်ပါတယ်။"

တကယ်တော့ တူရကီ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးတည်ဆောက်မှုဟာ ဒီ့မတိုင်ခင်ကတည်းက စတင်နေပါပြီ။ ဒီအပတ်တွင်းမှာပဲ တူရကီ ဒုတိယဝန်ကြီးချုပ် Mehmet Simsek ဟာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တခုကို ဦးဆောင်ပြီး မော်စကို ကို သွားခဲ့ပါတယ်။ ရုရှားလေယာဉ်ကို ပစ်ချပြီး ယိုယွင်းသွားခဲ့တဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမဲ့ တူရကီသမ္မတရုံး နိုင်ငံတကာဆက်ဆံရေးအကြံပေးအရာရှိ Ayse Sozen Usluer ကတော့ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းတာဟာ စီးပွားရေးဆက်ဆံမှု အတွက်လောက်တောင် မဟုတ်ဘူးလို့ဆိုပါတယ်။

"ယိုယွင်းနေတဲ့ဆက်ဆံရေးကြောင့် နှစ်နိုင်ငံစလုံးအကျိုးမရှိနိုင်ဘူး ဆိုတာ နှစ်ဘက် နားလည်ထားပါတယ်။ နှစ်ဘက်စလုံးက ပုံမှန်ဆက်ဆံရေး လိုလားနေကြတာပါ။ လေယာဉ်ပစ်ချမှု မဖြစ်ခင် အခြေအနေပြန်ရောက်ဖို့ ကျမ ခန့်မှန်းထားပါတယ်။ နှစ်ဘက်စလုံး အကျိုးရှိမယ့် ဆက်ဆံရေးပါ။"

သို့ပေငြားလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေဖို့အတွက် ဆီးရီးယားပြဿနာအပေါ် သဘောထား ကွဲလွဲမှုအပေါ် ညှိနှိုင်းဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနဲ့ တူရကီတို့ဟာ တဘက်စီ ကူညီနေကြတာဖြစ်ပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုအပြီး Erdogan ရဲ့ ရက်စက်တဲ့နှိပ်ကွပ်မှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ တူရကီဆက်ဆံရေး တင်းမာနေတဲ့အတွက် ရုရှားနဲ့ ဆီးရီးယားကိစ္စမှာ အပေးအယူလုပ်ဖို့အရေး တူရကီအားမကောင်းလှဘူးလို့ သတင်းစာဆောင်းပါးရှင် Idiz က ဆိုပါတယ်။

" အာဏာသိမ်းကြိုးပမ်းမှုအပြီး တူရကီသိပ်အားမကောင်းလှပါဘူး။ ဆန္ဒရှိတိုင်း လုပ်လို့မရပါဘူး။ ဒေသတွင်း ပြဿနာတွေကို လက်တွေ့ဖြစ်နိုင်တဲ့အခြေအတိုင်း ချဉ်းကပ်ရပါလိမ့်မယ်။"

ဘာပဲဖြစ်ဖြစ် သမ္မတ Erdogan ကို ရုရှားသမ္မတ Putin နဲ့အတူထိုင်ဆွေးနွေး ရတာဟာ အနောက်မဟာမိတ်တွေနဲ့ဆက်ဆံရေးမှာ အလေးသာစေမယ့် လုပ်ရပ်ဖြစ်တယ်လို့ အကဲခတ်သမားတွေက တွက်နေကြပါတယ်။ သမ္မတ Erdogan ရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲကတော့ တူရကီနိုင်ငံဟာ နေတိုး အဖွဲ့ဝင် ဖြစ်မှုသာမက အမေရိကန်ဆက်ဆံရေးကိုပါ ဆက်လက်ထားရှိမှာဖြစ်ပြီး လက်တွေ့ကျတဲ့မူဝါဒကို ကျင့်သုံးသွားမယ်လို့ ပြောနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG