တူရကီနိုင်ငံမှာ စစ်တပ် အစိတ်အပိုင်းတချို့ရဲ့ အာဏာသိမ်းကြိုးပမ်းမှု ကျရှုံးသွားပြီးတဲ့နောက် သမ္မတ Erdogan ရဲ့ တန်ပြန်နှိမ်နင်းမှုတွေဟာ နဲနဲလွန်ကဲလာပြီလို့ နိုင်ငံတကာက သုံးသပ်နေကြပါတယ်။
အာဏာသိမ်းကြိုးပမ်းမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံရသူ Fattulah Gulen နဲ့ ပတ်သက်တဲ့ လူတွေ၊ အသင်းအဖွဲ့တွေ၊ လူမှုအဆောက်အအုံတွေဟာ အဓိက ပစ်မှတ်ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတချို့က Gulen နဲ့ မကင်းဘူးဆိုတဲ့ ကျောင်းတွေ၊ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တူရကီအစိုးရက လမ်းကြောင်းပေးနေပါတယ်။ ဗွီအိုအေသတင်းထောက်တွေရဲ့ ပေးပို့ ချက်တွေနဲ့ မြန်မာမီဒီယာတွေကို အခြေခံပြီး ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
တူရကီနိုင်ငံမှာ သမ္မတ အာဒိုဝမ်က အရေးပေါ်အခြေအနေ ၃ လ ကြေညာပြီးတဲ့နောက် ပုဂ္ဂလိက စာသင်ကျောင်း ၁ ထောင်ကျော်နဲ့ လူမှုရေးစေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၁ ထောင်ကျော်ကို ပိတ်ပစ်လိုက်ပါတယ်။ သံသယရှိသူတွေကို ရုံးမတင်ဘဲ အရင်က လေးရက်သာ ထိန်းသိမ်းခွင့်ရှိခဲ့ရာက အခု ရက်ပေါင်း ၃၀ အထိ ဖမ်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
အခုလို အပိတ်ခံလိုက်ရတဲ့ အသင်းအဖွဲ့တွေထဲမှာ သမ္မတအာဒိုဝမ်က အာဏာသိမ်းကြိုးပမ်းမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ Fattulah Gulen နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ အများအပြား ပါဝင်ပါတယ်။ Gulen ဟာ တူရကီမူဆလင် တရားဟောဆရာ တဦးဖြစ်ပြီး၊ ၁၉၉၉ ကတည်းက အမေရိကန်မှာ နေထိုင်လာသူ ဖြစ်ပါတယ်။ အခုအာဏာသိမ်းမှုနဲ့ ဘာမှ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။
အခုတော့ တူရကီအစိုးရက နိုင်ငံတကာမှာရှိတဲ့ Gulen ရဲ့ ကျောင်းတွေကိုပါ ပိတ်ပစ်ဖို့ ဖိအားပေးတဲ့သဘောတွေ တွေ့လာရပါတယ်။ ဆိုမာလီနိုင်ငံကတော့ တူရကီအာဏာသိမ်းပွဲ ကျရှုံးသွားပြီဆိုကတည်းက Gulen ရဲ့ လုပ်ငန်းတွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာဆိုရင် Gulen နဲ့ ဆက်နွယ်တဲ့ ကူးသန်းရောင်းဝယ်ရေးအဖွဲ့တွေ၊ ကျောင်းတွေရှိလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ပါကစ္စတန်ပြည်သူတွေ ကျောင်းသူကျောင်းသားတွေ ထောင်နဲ့ချီ ပတ်သက်တက်ရောက်နေကြတာပါ။
ပါကစ္စတန်နဲ့ တူရကီတို့ဟာ အစဉ်အလာ မိတ်ဘက်နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း တူရကီမှာ အာဏာသိမ်းမှုကို ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှာရစ်ဖ်က ရှုတ်ချပြီး သမ္မတ အာဒိုဝမ်ကို လုံး၀ ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဆိုတော့ အခု အာဒိုဝမ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမလားလို့ မေးတော့ - အမည်မဖော်လိုတဲ့ ပါကစ္စတန်အစိုးရအရာရှိကြီးတဦးက အခုလို တုံ့ပြန်ခဲ့ပါတယ်။
“တူရကီဟာ ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံပါ။ သူတို့ရဲ့ စိုးရိမ်မှုကို တရားဥပဒေဘောင်အတွင်းက အလေးအနက် စဉ်းစားရမှာပါ။”
တကယ်တော့ Gulen နဲ့ ဆက်စပ်နေတဲ့ စာသင်ကျောင်းတွေ၊ လုပ်ငန်းတွေကို လုံး၀ ပိတ်ပစ်လိုက်မယ်ဆိုရင် ပါကစ္စတန်အတွက် အခက်ကြုံနိုင်ပါတယ်။ ဒါပေမဲ့ သင့်တင့်လျောက်ပတ်တဲ့ အဖြေတခု ရအောင်တော့ ကြိုးပမ်းရမယ်လို့ သူက ဆိုပါတယ်။
“တူရကီအစိုးရအနေနဲ့ ဒီကျောင်းတွေ၊ လုပ်ငန်းတွေကို ဆက်လက် လည်ပတ်စေမယ့် အဖွဲ့အစည်းတခု၊ အစီအစဉ်တခုကို ရွေးပေးစေချင်ပါတယ်။ ဒီလိုနဲ့ စီမံအုပ်ချုပ်တဲ့အပိုင်းကို ပုံစံပြောင်းပစ်နိုင်ပါတယ်။”
မြန်မာနိုင်ငံမှာလည်း Fattulah Gulen နဲ့ ဆက်စပ်နေတဲ့ စာသင်ကျောင်းတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ကိုင်တွယ်ဖို့ကိစ္စကတော့ မြန်မာအစိုးရအပေါ်မှာ မူတည်နေတယ်လို့ သံအမတ်ကြီးက ပြောကြောင်း မြန်မာပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
တကယ်တော့ တူရကီသမ္မတ အာဒိုဝမ်နဲ့ Fattulah Gulen တို့ဟာ တချိန်က မဟာမိတ်တွေဖြစ်ခဲ့ကြပြီး၊ ၂ ယောက်စလုံး သဘောထားပျော့ပြောင်းတဲ့ အစ္စလာမ်ဝါဒကို အတူ မှန်းမျှော်ခဲ့ကြတာပါ။ တူရကီစာရေးဆရာ Nedim Sener က အာဒိုဝမ်ဟာ ဘယ်သူနဲ့မှ အာဏာခွဲဝေချင်သူ မဟုတ်တဲ့အတွက် သူတို့နှစ်ဦး ခွာပြဲသွားခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
အခု သမ္မတ အာဒိုဝမ် အဓိကထား နှိမ်နင်းနေတာဟာ Gulen သြဇာလွှမ်းမိုးမှုရှိတယ်လို့ ယူဆရတဲ့ ပညာတတ်တွေ၊ အနောက်တိုင်းဆန်သူ အသိုင်းဝိုင်းတွေ ဖြစ်ပါတယ်။ Gulen ပုံဖော်နေတဲ့ အစ္စလာမ်အယူဝါဒဟာ ခေတ်သစ်ကမ္ဘာနဲ့ အံဝင်ခွင်ကျရှိတဲ့ အယူအဆဖြစ်တာကြောင့် ပညာတတ်တွေက နှစ်သက်ကြပါတယ်။
Fattulah Gulen ကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ဖို့ ခွင့်ပြုထားတဲ့အတွက် တူရကီလူမျိုး တော်တော်များများကတော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အမေရိကန်နဲ့ တူရကီကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ မအောင်မြင်သော အာဏာသိမ်းမှုတို့ဟာ ဆက်စပ်နေတယ်လို့ ယူဆနေကြကြောင်းပါခင်ဗျာ။