မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေကို အကြမ်းဖက်နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ တူရကီနိုင်ငံကပြောပြီး ကြာသပတေးညပိုင်းမှာ စဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
တူရကီနိုင်ငံခြားရေးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်တခုထဲမှာ အဲဒီလိုပြစ်တင်ရှုတ်ချ ထားတာပါ။ တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်တဲ့ အကြောင်းနဲ့ နောက်ထပ် လူသားဘေးဒုက္ခ ဆိုင်ရာ အကျပ်အတည်းဆီ ဦးတည်သွားစေနိုင်တဲ့ တင်းမာမှုတွေ ပိုတိုးလာစေမယ့် လုပ်ရပ်မျိုးတွေကိုရှောင်ရှားဖို့လဲ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန် တဲ့အချိန်မှာ အခုလိုတိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အပေါ် ဝမ်းနည်းမိတဲ့အကြောင်းလဲ တူရကီနိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလဲ အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ တို့ကလဲ ပြစ်တင် ရှုတ်ချထားကြပါ တယ်။ လက်ရှိအချိန်ထိတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေ တည်ငြိမ်မှုမရှိသေးဘဲ ဒေသခံတွေကြား စိုးရိမ် ထိတ်လန့်နေကြဆဲပါ။
တိုက်ခိုက်မှုတွေကြောင့် စစ်သားတဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး အရာရှိ တဦး စုစုပေါင်း ၁၂ ဦးသေဆုံးပြီး အကြမ်း ဖက်သမား ၇၇ ဦး သေဆုံးပြီးတော့ ၁၅ ဦး ဒဏ်ရာရတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်သမား နှစ်ဦးကို အရှင်ဖမ်းမိတယ်လို့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။