တူရကီမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ငလျင်လှုပ်ပြီးတဲ့နောက် အဆောက်အဦးတွေ အတော်များများ ပြိုကျခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို တူရကီအစိုးရက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာတချို့ကို ဖမ်းဆီးထားပြီး အဲဒီထဲက အများအပြားကို လေဆိပ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တူရကီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းတွေ ရှိပေမဲ့ အဲဒါတွေကို လက်တွေ့ထိထိရောက်ရောက် အရေးယူဆောင်ရွက်လေ့ မရှိပါဘူး။ တူရကီ တရားရေးဝန်ကြီးဌာနကကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေကို ဖော်ထုတ်ဖို့ ငလျင်ကြောင့် ဖြစ်လာတဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းရေးဗြူရိုကို ဖွဲ့စည်းလိုက်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေကတော့ အဆောက်အဦး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူတွေကို ဒီနေ့မှာ ဆက်ပြီးတော့ ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း တိုက်တွေ ထောင်နဲ့ချီ ပြိုကျထားတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အခက်အခဲတွေအများကြီး ရှိနေပါတယ်။ တူရကီ ဗိသုကာပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Eyup Muhcu ကတော့ ပြိုသွားတဲ့ တိုက်တွေ အများအပြားဟာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ နည်းလမ်းကောင်းတွေကို မသုံးသလို၊ ဆောက်လုပ်ရေးဥပဒေ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘူးလို့ AP သတင်းဌာနကို ပြောပါတယ်။
ငလျင်ကြောင့် သေဆုံးတဲ့သူတွေကတော့ အခုဆိုရင် ၂၈,၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Martin Griffths ကတော့၊ သေဆုံးသူ အရေအတွက်ဟာ၊ ၂ ဆလောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။ ဆီးရီးယားမှာတော့ အတိုက်အခံ သူပုန်အဖွဲ့တွေ ထိန်းချုပ်တဲ့ နိုင်ငံအနောက်မြောက်ပိုင်း ဒေသဟာ ငလျင်ဒဏ်ကို အဆိုးဆုံးခံရတာ ဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဝမ်ကတော့ ဒီငလျင်ဟာ ရာစုနှစ်ရဲ့အဆိုးဆုံးဘေးဒုက္ခကြီး ဖြစ်တယ်လို့ မနေ့က ပြောပါတယ်။
=== Unicode ====