သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ၂၀၁၉ နိုင်ငံတော်အခြေပြမိန့်ခွန်း အကြို သုံးသပ်ချက်


သမ္မတ Trump
သမ္မတ Trump

အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညပိုင်းမှာပြောကြားဖို့ရှိ ပါတယ်။ အမေရိကန်အောက်လွှတ်တော်မှာက မကြာခင်တုန်းကပဲ ဒီမိုကရက်ပါတီကအနိုင်ရပြီးလွှမ်းမိုးထားတာဖြစ်ပြီး လူနည်းစုနဲ့ အမျိုးသမီးလွှတ်တော်အမတ်တွေလည်း ဒီမိုကရက်လွှမ်းမိုးတဲ့လွှတ်တော်အသစ်မှာ စံချိန်တင်အောင်အရေ အတွက်များနေတဲ့ကာလဖြစ်ပါတယ်။ ဒီအင်္ဂါနေ့ညသမ္မတမိန့်ခွန်းမတိုင်ခင်အခြေအနေတွေကို Pasty Widakuswara သတင်းပို့ထားတာကို ကိုကျော်အောင်လွင်က ဆက်ပြောပါ့မယ်။

တကယ်တော့ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၉ရက်နေ့တုန်းက နိုင်ငံတော်အခြေပြမိန့်ခွန်းကို သမ္မတထရမ့်ကပြောရမှာပါ။ ဒါပေမဲ့ လည်း အဲဒီတုန်းက အစိုးရယန္တရားတချို့ရပ်တန့်နေတာကြောင့် အောက်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီက အစိုးရလုပ် ငန်းအားလုံးပြန်လည်ပတ်တော့မှ လွှတ်တော်မှာမိန့်ခွန်းပြောဖို့ သမ္မတထရမ့်ကို တားမြစ်ခဲ့ပါတယ်။

အခုတော့အစိုးရ အားလုံးပြန်လည်ပတ်နေပြီမို့ နဂိုစီစဉ်ထားတဲ့ အချိန်ထက် တပတ်နောက်ကျပြီး ဒီအင်္ဂါနေ့ညမှာ သမ္မတထရမ့်လွှတ်တော် အတွင်းမိန့်ခွန်းပြောပါလိမ့်မယ်။ မက္ကစီကိုနယ်စပ်တလျှောက်တံတိုင်းကာရေး အသုံးစရိတ်ချပေးဖို့ကိစ္စမှာ သမ္မတနဲ့ ဒီမို ကရက်လွှတ်တော်အမတ်တွေအကြား မပြေမလည်ဖြစ်ခဲ့တာကြောင့် အမေရိကန်သမိုင်းမှာအကြာဆုံး အစိုးရယန္တရား တွေရပ်တန့်ခဲ့ရတာပါ။ စုစုပေါင်း ၃၅ရက်ကြာပြီးမှ လုပ်ငန်းအားလုံးပြန်လည်ပတ်နိုင်ပါတယ်။ ဒီအင်္ဂါနေ့ညပြောမယ့်မိန့်ခွန်းက သူ့အပေါ်ယုံကြည်မှုတွေ ပြန်ရှိလာအောင် သမ္မတထရမ့်ကကြိုးပမ်းမယ့် မိန့်ခွန်းဖြစ်လိမ့်မယ်လို့ အမေရိကန်တက္ကသိုလ် လွှတ်တော်နဲ့သမ္မဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုး David Barker ကပြောပါတယ်။

"သမ္မတထရမ့်ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းရည်ရွယ်ချက်ကတော့ သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်က တကယ်ပဲခိုင်မာအား ကောင်းနေတယ်၊ အားနည်းမှုတွေမရှိဘူး၊ ဖြစ်ခဲ့တာတွေမှာ သူ့ဘက်ကအရေးနိမ့်တာမရှိဘူး၊ သူနဲ့ပတ်သက်ပြီး သတင်း တွေမှာဖေါ်ပြနေတာတွေ မဟုတ်ဘူးဆိုတာကိုသူပြန်ရှင်းမယ့်သဘောပါပဲ။"

ဒီအင်္ဂါနေ့ညပြောမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းအခမ်းအနားမှာ ထူးခြားချက်တခုရှိမှာကတော့ အမျိုးသမီးလွှတ်တော်အမတ် တွေအားလုံး ဝတ်စုံအဖြူဝတ်ဆင်ပြီး အခမ်းအနားကိုတက်ရောက်ကြဖို့အောက်လွှတ်တော် ဒီမိုကရက်တစ် အမျိုးသမီးရေးရာအဖွဲ့က စီစဉ်ထားလို့ပါပဲ။ ၁၉၂၀ခုနှစ်တုန်းက အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရရေးလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့အခုလို စီစဉ်တာပါ။ ၂၀၁၇ခုနှစ်မှာ သမ္မတထရမ့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောခဲ့တုန်းက ဒီမိုကရက်အမျိုးသမီးလွှတ်တော်အမတ်တွေ အဖြူ ရောင်ဝတ်စုံတွေဝင်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းကရည်ရွယ်တဲ့အဓိပ္ပါယ်ကတော့ သမ္မတထရမ့်အစိုးရ လက်ထက်မှာ အမျိုး သမီးအခွင့်အရေးတွေကို ဖိနှိပ်မှာစိုးရိမ်လို့ပါပဲ။ ဒီနှစ် အဖြူရောင်ဝတ်ရတဲ့ရည်ရွယ်ချက်ကတော့ တမျိုးပါ။ အမျိုးသမီးတွေရဲ့စီးပွါးရေးနဲ့ သူတို့မိသားစုတွေ အတွက်လုံခြုံရေးတွေကိုတိုးမြင့်လာအောင် အားပေးတဲ့သဘော လို့ဆိုပါတယ်။ အမျိုးသမီးနဲ့အမျိုးသား လုပ်အားခတန်းတူဖြစ်ရေး၊ ဈေးသက်သာတဲ့ ကလေးစောင့်ရှောက်မှု၊ မိသားစုဆန်ပြီး ချစ်ခင်ရင်းနှီးမှုရှိတဲ့ လုပ်ငန်းခွင်ရရှိ ရေး၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုကိစ္စ စတာတွေကို ပိုပြီးကောင်းမွန်လာရေး အသိ ပေးတာလဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း သမ္မတထရမ့်ကတော့ ဒီလှုပ်ရှားမှုကို အကောင်းဘက်ကမြင်မှာမဟုတ်ဘူးလို့ David Barker ကပြောပါတယ်။

"အဖြူရောင်ဝတ်စုံတွေ ဝတ်ထားကြတဲ့အမျိုးသမီးတွေ လွှတ်တော်ထဲမှာထိုင်နေကြတာက သမ္မတထရမ့်အတွက်တော့ သူ့ကိုအကြီးအကျယ်ကန့်ကွက်နေတာလို့မြင်မှာပါပဲ။ သူပြောသမျှတွေကို အခမ်းအနားတက်ရောက်သူတဝက်လောက်က လက်ခုတ်တီးအားပေးတာတွေ၊ မတ်တတ်ရပ်ဂုဏ်ပြုတာတွေလည်း မလုပ်ကြမှာသေချာပါတယ်။"

သမ္မတထရမ့်ကတော့ သူတည်ဆောက်ချင်နေတဲ့ နယ်စပ်တံတိုင်းကာရံရေးဖြစ်မြောက်အောင် နိုင်ငံတော်ရဲ့အရေးပေါ် ကြေညာချက်ကိုထုတ်ပြန်မယ့်သဘော သောကြာနေ့တုန်းက အရိပ်အမြွက်ပြောထားပါတယ်။

" နိုင်ငံတော်အခြေပြမိန့်ခွန်းကို သေသေချာချာနားထောင်ဖို့ကျနော်ပြောပါတယ်။ သိပ်ပြီးစိတ်လှုပ်ရှားရမယ့်ကိစ္စကို ခင်ဗျားတို့တွေ့ရပါလိမ့်မယ်လို့ သမ္မတထရမ့်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာပြောခဲ့တာပါ"

ဒီအင်္ဂါနေ့ည အခမ်းအနားမှာ ဒီမိုကရက်တွေဘက်ကတုန့်ပြန်တဲ့မိန့်ခွန်းကို ပြောကြားဖို့ရွေးချယ်ထားတဲ့သူကတော့ ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တုန်းက အရေးနိမ့်သွားခဲ့ရတဲ့ အာဖရိကနွယ်ဖွား အမေရိကန်အမျိုးသမီး Stacey Abrams ပါပဲ။ သူ့အရေးနိမ့်ခဲ့တဲ့ကိစ္စက အမေရိကန်တနိုင်ငံလုံးလူမျိုးရေးနဲ့ပတ်သက်ပြီး သတိထားမိစရာဖြစ်ခဲ့ တာပါ။ ဒီအင်္ဂါနေ့ည အခမ်းအနားမှာ ဒီမိုကရက်ပါတီက သူ့ကိုတုန့်ပြန်မိန့်ခွန်းပြောသူအဖြစ်ရွေးချယ်လိုက်တာက မတူကွဲပြား မှုကိစ္စကို ဒီမိုကရက်ပါတီက အာရုံစိုက်ထားတယ်ဆိုတာကို အချက်ပြလိုက်တဲ့သဘောပါပဲ။

လွှတ်တော်၂ရပ်လုံးရဲ့ရှေ့မှာ ဒီအင်္ဂါနေ့ည သမ္မတထရမ့်ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို ဝါရှင်တန်စံတော်ချိန် အင်္ဂါည ၉နာရီ၊ မြန်မာစံတော် ချိန် ဗုဒ္ဓဟူးနေ့မနက် ၈နာရီခွဲမှာ စတင်မှာပါ။ ဒီအခမ်းအနားကို ဗွီအိုအေမြန်မာပိုင်းဝဘ်ဆိုဒ်နဲ့ Facebook ကနေလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG