သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုနဲ့ မက္ကစီကိုနယ်စပ်မှာ တံတိုင်း တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို အင်္ဂါနေ့ညက ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်လိုက်ပါတယ်။ သူ့တောင်းဆိုနေတဲ့ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေ ခွဲဝေချထားရေးနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေနဲ့ ညှိနှိုင်းလို့မရဘဲ အစိုးရဌာန တချို့ ပိတ်ထားရတဲ့အတွက်လည်း စိုးရိမ်တဲ့အကြောင်းလည်း ပြောဆို လိုက်ပါတယ်။ ဒီမိုကရက်အမတ်တွေကတော့ သမ္မတအနေနဲ့ အမေရိကန်ပြည်သူတွေကို ဓါးစာခံ လုပ်နေတာကို ရပ်တန်းကရပ်ပြီး၊ အစိုးရရုံးတွေပြန်ဖွင့်ဖို့တိုက်တွန်းရင်း တုံ့ပြန် လိုက်ပါတယ်။ VOA ရဲ့ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေး ပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမေရိကန်အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဒီမိုကရက်အမတ်တွေအကြား အခြေ အတင်ဖြစ်နေရတာကြောင့်၊ သမ္မတထရမ့်က အမေရိကန်တောင်ပိုင်းနယ်စပ်မှာ တံတိုင်းဆောက်လုပ်ရေးရန်ပုံငွေ အပါအဝင် နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
“ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်တဲ့သူ တ သိန်း၊ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ သုံးသောင်း နဲ့ အကြမ်းဖက် လူသတ်သူ ၄၀၀၀ အပါအင်ပြစ်မှုမှတ်တမ်းရှိတဲ့ နိုင်ငံခြားသား ၂၆၆၀၀၀ ( ၂ သိန်း ၆ သောင်း ၆ ထောင်) ကို ဖမ်းဆီးခဲ့ပါတယ်။”
နယ်စပ်ဒေသမှာ လူလူချင်းစာနာထောက်ထားမှုနဲ့ အမျိုးသားလုံခြုံရေးအတွက် အကြပ်အတည်းတွေ့နေရတယ်ဆိုတာကို သမ္မတထရမ့်က မီးမောင်းထိုးပြပြီး၊ ဒီမိုကရက်တွေက ဒီပြဿနာအဖြေရှာဖို့ ငြင်းဆန်နေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။
“ ပြည်ထောင်စုအစိုးရရုံးတွေ ဆက်ပြီးပိတ်ထားရတဲ့ အကြောင်းရင်းတချက်ရှိပါတယ်။ အကြောင်းရင်းက တချက်ထဲပါဘဲ။ ဒီမိုကရက်တွေက နယ်စပ်လုံခြုံရေးအတွက် ရန်ပုံငွေမပေးလို့ဘဲ ဖြစ်ပါတယ်။”
သမ္မတထရမ့်မိန့်ခွန်းပြောပြီးပြီးချင်းမှာဘဲ အထက်လွှတ်တော်လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က အခုလိုတုံ့ပြန် လိုက်ပါတယ်။
“ ကျနော်တို့အနေနဲ့ ဒေါသစိတ်နဲ့ ဝုန်းဒိုင်းကြဲ အုပ်ချုပ်လို့မရပါဘူး။ ဘယ်သမ္မတကမှ သူတောင်းဆိုတာတွေ မရရင် အစိုးရရုံးတွေ ပိတ်ပစ်မယ်လို့စားပွဲကိုလက်နဲ့ ထုပြီး မပြောသင့်ပါဘူး။ သန်းနဲ့ချီတဲ့ အမေရိကန်တွေကို အပေါင်ပစ္စည်းလိုသဘောထားပြီး နစ်နာအောင် မလုပ်သင့်ပါဘူး။”
အောက်လွတ်တော်ကနေ အစိုးရရဲုးတွေပြန်ဖွင့်ရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပေမဲ့ သမ္မတက လက်မှတ်မထိုးဘဲ ပယ်ချထဲ့တာနဲ့ ပတ်သက်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က အခုလိုပြောပါတယ်။
“ တံတိုင်းဆောက်လုပ်ဖို့ မက္ကစီကိုနိုင်ငံကပေးလိမ့်မယ်ဆိုတာ သူကတိပေးထားပြီးသားပါ။ အခုတော့ သူစွဲလန်းနေတဲ့ တံတိုင်းဆောက်လုပ်ရေးဟာ တန်ဖိုးကြီးသလို၊ ထိရောက်မှုမရှိဘဲ၊ အမေရိကန်အခွန်ထမ်းတွေရဲ့ သန်းထောင်နဲ့ချီတဲ့ဒေါ်လာတွေ အလဟဿဖြုန်းတီးပစ်ဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။”
ဒီမိုကရက်တွေက နယ်စပ်လုံခြုံရေးအတွက် ရန်ပုံငွေ ၁.၃ ဘီလီယံဒေါ်လာ လိုလိုလားလား ခွဲဝေချထားဖို့ သဘောတူပေမဲ့၊ သမ္မတထရမ့်ကတော့ တံတိုင်းတည်ဆောက်ဖို့ ၅.၇ ဘီလီယံဒေါ်လာလိုတယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။
“ ဒီမိုကရက်တွေရဲ့ မေတ္တာရပ်ခံချက်အရဆိုရင်တော့ ကွန်ကရစ် အင်္ဂတေတံတိုင်းအစား သံမဏိအကာအရံ (ခြံစည်းရိုး) ဘဲ ဆောက်လို့ရမှာပေါ့ဗျာ။”
ဒီမိုကရက်တွေက သံမဏိခြံစည်းရိုးဆောက်ဖို့ သမ္မတကို မတောင်းဆိုထားပေမဲ့ နယ်စပ်လုံခြုံရေးအတွက်တော့ သူတို့ ပံ့ပိုးမယ်လို့ပြောပါတယ်။ နှစ်ဘက်အခြေအတင်ဖြစ်နေတဲ့အပေါ် George Washington တက္ကသိုလ်ပါမောက္ခ Steven Billet က အခုလိုသုံးသပ်ပါတယ်။
“ တကယ်လို့ အပေးအယူ လုပ်နိုင်ကြမယ်ဆိုရင်တော့ လေလုံးထွားပြောနေသံ တချို့ပြောင်းသွားနိုင်ပါတယ်။ ကဲ..ကျနော်တို့ တံတိုင်းနဲ့ ပတ်သက်ပြီး ဆက်မပြောကြတော့ဘဲ၊ တခြားနည်းတခုအနေနဲ့ နယ်စပ်လုံခြုံရေးအကြောင်းဘဲ စပြီးပြောကြရအောင်ဆိုပြီး နှစ်ဘက်ညှိသင့်ပါတယ်။”
အကဲခတ်ဝေဖန်သူတွေက သမ္မတအနေနဲ့ လွှတ်တော်ရဲ့ အတည်ပြုချက်မယူဘဲ တံတိုင်းဆောက်လုပ်ရေး အတွက် အမျိုးသားအရေးပေါ်အခြေအနေကြေညာပြီး ကြိုးစားနိုင်တယ်လို့ သုံးသပ်ကြပေမဲ့ သမ္မတထရမ့်က အရေးပေါ်အခြေအနေတော့ မကြေညာပါဘူး။ သမ္မတထရမ့်က ဒီမိုကရက်လွှတ်တော်အမတ်တွေနဲ့ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာ ဆက်ပြီး စေ့စပ်ဆွေးနွေးဦးမယ်လို့ပြောပါတယ်။