မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိသဘောနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးရေး မြန်မာအစိုးရကို ဆက်လက် ဖိအားပေးသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်သမ္မတ Donald Trump ထပ်လောင်း ကတိပြုလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို သမ္မတ Trump က စာရေး အသိပေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတရဲ့စာကိုတော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Marcia Bernicat က ဝန်ကြီးချုပ်အိမ်မှာ တွေ့ဆုံစဉ် ကြာသပတေးနေ့က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပေါ်အောင် စတင်လုပ်ဆောင်ခဲ့တဲ့ မြန်မာတာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်ကြောင်းလည်း သမ္မတ Trump ရဲ့ စာထဲမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်ခဲ့ကြတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာဘက်က လက်ရှိထက်ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ် သြဂုတ်လက တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းလောက် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်း ဇယားတွေမှာ ဖော်ပြထားပါတယ်။