သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Netanyahu နှစ်နိုင်ငံချစ်ကြည်ရေး ကြိုးပမ်း


အရှေ့အလယ်ပိုင်းဒေသက ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှု အောက်မှာရှိတယ် ဆိုတာ ကို အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ကပြောခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများ ဝေဖန် မှုတွေထွက်နေချိန်မှာပဲ ဒီအသိအမှတ်ပြုချက်ကို သမ္မတထရမ့် မနေ့ကပဲတရားဝင် လက်မှတ်ထိုးခဲ့ပါတယ်။ အစ္စရေးဝန် ကြီးချုပ် Benjamin Netanyahu ကလည်း အမေရိကန်သမ္မတတွေထဲမှာ အစ္စရေးအတွက်အကောင်းဆုံး မိတ်ဆွေကတော့ သမ္မတထရမ့် ပါပဲလို့ပြောခဲ့ပါတယ်။ ဒီအကြောင်း Jeff Custer ရဲ့သတင်းကို ကိုကျော်အောင်လွင်ဆက် ပြောပါလိမ့်မယ်။

နောက်လထဲမှာပဲ အစ္စရေးနိုင်ငံမှာ ရွေးကောက်ပွဲတွေကျင်းပတော့မှာဖြစ်လို့ ဝန်ကြီးချုပ် Netanyahu အတွက် နိုင်ငံ ရေးအရ တော်တော် အရေးကြီးတဲ့ကာလဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က ဂိုလန်ကုန်း မြင့်ဒေသကို အစ္စရေးကပိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအပါအဝင် တခြားကမ္ဘာ့နိုင်ငံတချို့က ဝိုင်းပြီးဝေဖန်နေကြတာပါ။ သမ္မတထရမ့်ကအခုလိုပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အစ္စရေးဝန်ကြီးချုပ် Netanyahu ဝါရှင်တန်ဒီစီကိုရောက်လာပါတယ်။ မနေ့တုန်းကတော့ ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးပိုင်တဲ့ဒေသဖြစ်ကြောင်း သမ္မတထရမ့်က တရားဝင်အသိအမှတ်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ အခမ်းအနားကို အစ္စရေးဝန်ကြီးချုပ် Netanyahu တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလက်မှတ်ထိုးမှုမတိုင်ခင် မနေ့က တနင်္လာနေ့မနက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်းဒေသ ဂါဇာကမ်းမြောင်ကနေ တာဝေးပစ်ဒုံးကျည်ပစ်ခတ်မှုတခုက အစ္စရေးနိုင်ငံအလည်ပိုင်းကိုထိမှန်ခဲ့ပြီး အဲဒီမှာလူ ၇ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒါကြောင့် အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ ညစာစားဖို့ အစီအစဉ်နဲ့ ဒီကနေ့ကျင်းပဖို့ရှိတဲ့ အမေရိကန်အစ္စရေး လူထုရေးရာကော်မီတီ AIPAC ရဲ့ နှစ်ပတ်လည်ညီလာ ခံမှာ မိန့်ခွန်းပြောမယ့် အစီအစဉ်တွေကို ဖျက်ပြီးအစ္စရေးကို ဝန်ကြီးချုပ် Netanyahu ကမန်းကတန်းပြန်သွားခဲ့ပါတယ်။ အခုလိုဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာကိုခံခဲ့ရတာနဲ့ပတ်သက်ပြီး သမ္မတဒေါ်နလ်ထရမ့်က စိတ်မကောင်းတဲ့အကြောင်း မနေ့က အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ်နဲ့ ပူးတွဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

“ပထမဆုံးကျနော်ပြောချင်တာကတော့ ဒီကနေ့မနက်ပိုင်း ဟားမတ်စ်အဖွဲ့က အစ္စရေးအိမ်တွေကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း အစ္စရေးပြည်သူတွေနဲ့ ဝန်ကြီးချုပ် Netanyahu ဟုကို ပြောကြားလိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေတော်တော်များများအပါအဝင် အစ္စရေးအရပ်သူအရပ်သားအနည်းဆုံး၇ဦး ဒဏ်ရာ တွေရခဲ့ကြပါတယ်။ အကြမ်းဖက်မှုဒဏ်ကိုခံနေကြရတဲ့ အစ္စရေးပြည်သူတွေအတွက် ကျနော်တို့ကဆုတောင်းပေးနေပါတယ်။ အစ္စရေးအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် လုံးဝရှိတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုကအသိ အမှတ်ပြုပါတယ်”

အစ္စရေးနိုင်ငံရဲ့ရွေးကောက်ပွဲတွေ မကျင်းပခင် ၂ပတ်အလိုမှာ အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ အစ္စရေးဝန်ကြီးချုပ် Netanyahu ကတော့ သမ္မတထရမ့်က အစ္စရေးကိုဆက်ပြီးအားပေးနေတာနဲ့ပတ်သက်ပြီးတော့လည်း ကျေးဇူး တင်ကြောင်း အိမ်ဖြူတော်မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ အတွင်းပြောခဲ့ပါတယ်။

“အစ္စရေးဟာ အိမ်ဖြူတော်မှာတာဝန်ယူခဲ့ကြတဲ့ အမေရိကန်သမ္မတတွေ တော်တော်များများ ရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို ခံခဲ့ရတဲ့နိုင်ငံပါ။ ဒါပေမဲ့ သမ္မတထရမ့်ထက် ပိုကောင်းတဲ့အမေရိကန်သမ္မတ အစ္စရေးအတွက်မရှိခဲ့ပါဘူး။ အခုလည်း ခင်ဗျားက အစ္စရေးကို အားပေးထောက်ခံကြောင်း တကြိမ်ထပ်ပြလိုက်ပြန်ပါပြီ။ အီရန်နဲ့ နျူကလီးယားသဘော တူညီမှုကနေ အမေရိကန်ကနုတ်ထွက်ခဲ့တုန်းကတကြိမ်၊ ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ်အသိအမှတ်ပြုခဲ့ပြီး အမေရိကန်သံရုံးကိုလည်း ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့တုန်းကတကြိမ် အစ္စရေးကိုထောက်ခံကြောင်း ပြသခဲ့ဖူးပါတယ်။ ဒီကနေ့တခါထပ်ပြီး ပြသလိုက်တာကတော့ ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်မှာ ရှိတယ်ဆိုတာကို တရားဝင်အသိအမှတ်ပြုလိုက်တာပါပဲ”

ဂိုလန်ကုန်းပြင်မြင့်ဟာ ၁၉၆၇ခုနှစ်က ဆီးရီးယားနဲ့ အစ္စရေးအကြားဖြစ်ပွားခဲ့တဲ့ ၆ရက်စစ်ပွဲမှာ အစ္စရေးကသိမ်းပိုက်ခဲ့တာပါ။ ဂိုလန်ကုန်းမြင့်ကို အစ္စရေးကပိုင်ဆိုင်တယ် လို့ကြေညာခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာရော၊ အမေရိ ကန်ပြည်ထောင်စုရဲ့ မူဝါဒမှာပါ အငြင်းပွါးစရာကိစ္စတခုအဖြစ် အချိန်အတော်ကြာအောင်ရှိနေခဲ့တာပါ။

ဝန်ကြီးချုပ် Netanyahu ဟာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေနဲ့ စွဲချက် တင်ခံထားရတာဖြစ်ပြီး နောက်လမှာကျင်းပမယ့် ရွးကောက်ပွဲမှာနောက်တကြိမ်အနိုင်ရရေး သူ့ရဲ့အတိုက်ခံ အစ္စရေး ကာ ကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantzနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတာပါ။ ဝန်ကြီးချုပ် Netanyahu ဟာ ၂၀၀၉ခု နှစ်ကတည်းကစပြီး အစ္စရေးနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG