အမေရိကန် သမ္မတ Donald Trump နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ဟာ သောကြာနေ့က ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာ နိုင်ငံတွင်း အဝင်ခံပြီး သူ့ဂျာမနီနိုင်ငံကို ဖျက်ဆီးသူအဖြစ် ဝန်ကြီးချုပ် Merkel ကို သမ္မတ Trump က စွပ်စွဲခဲ့ပြီး လအနည်းငယ် အကြာမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကနေ ခေါင်းဆောင် ၂ ဦးကြား NATO အဖွဲ့နဲ့ ပတ်သက်ပြီး သဘောထား ကွာဟမှု သိပ်မကြီးစေဖို့ ကြိုးစားမှုအပြင် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မထင်မှတ်ပဲ Trump အနိုင်ရလိုက်ချိန် ကစပြီး၊ အနောက်နိုင်ငံတွေကြား ကမ္ဘာ့သြဇာ အကြီးဆုံး နိုင်ငံကြီး ၂ နိုင်ငံက ခေါင်းဆောင် ၂ ဦး ပထမဆုံး အကြိမ်အဖြစ် လူကိုယ်တိုင်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲ မစခင်မှာ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Merkel တို့ ၂ ဦးဟာ သတင်းထောက်တွေကို ဓါတ်ပုံရိုက်ခွင့် ပြုခဲ့ပါတယ်။
လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေနဲ့ ဝန်ကြီးချုပ် Merkel ဟာ ဥရောပကို ဖျက်ဆီးတယ်ဆိုတဲ့ Trump ရဲ့ ပြောဆိုစွပ်စွဲမှုတွေနဲ့ အတူ NATO မဟာမိတ် စစ်စာချုပ်အဖွဲ့ အပေါ် အဆိုးမြင်ပြောဆိုမှုတွေ၊ ကုန်သွယ်ရေး စစ်ပွဲဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေ သမ္မတ Trump ပြသခဲ့ချိန်ကစပြီး ခေါင်းဆောင် ၂ ဦးကြား ဆက်ဆံရေးဟာ ထိပ်တိုက်တွေ့မယ့် အနေထားအဖြစ် မြင်နေရတာပါ။
တချိန်ထဲမှာပဲ ဝန်ကြီးချုပ် Merkel ကလည်း Trump ရဲ့ မူစလင် အများစု နေထိုင်တဲ့ နိုင်ငံ ၆ နိုင်ငံက လူတွေကို ခရီးသွားခွင့် ပိတ်ပင်တဲ့ အမိန့်အတွက် အပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး အမေရိကန်- ဂျာမနီ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေဟာ လူမျိုး ဘာသာ အသားရောင် ကျားမကွဲပြားမှု နိုင်ငံရေးယုံကြည်ချက်တွေ အပေါ် အခြေမခံပဲ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ နဲ့ လူ့ဂုဏ်သိက္ခာ လေးစားလိုက်နာမှု တွေပေါ် အခြေခံတယ် ဆိုတာကို သမ္မတ Trump ကို သတိပေးခဲ့ ပါတယ်။