သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သမ္မတ Trump ဂျပန်ရောက်ရှိ


ကန် သမ္မတ Trump ဂျပန်ရောက်ရှိ
ကန် သမ္မတ Trump ဂျပန်ရောက်ရှိ

အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်ကို အာဏာရှင်တွေ၊ အစိုးရတွေ အပါအဝင် ဘယ်သူမှ လျှော့တွက်လို့ မရဘူးလို့ အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ တနင်္ဂနွေနေ့ ဂျပန်နိုင်ငံ ယိုကိုတာ လေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ ကုန်သွယ်ရေးကို အဓိကထားမယ်လို့ ခန့်မှန်းထားကြတဲ့ သတင်း ၂ ပတ် နီးပါးကြာ အာရှခရီးစဉ် အစပိုင်းမှာဘဲ အမေရိကန် သမ္မတက အခုလို မှတ်ချက်ပေး ပြောဆိုတာ ဖြစ်ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြောဆိုပေမယ်လို့လည်း သမ္မတရဲ့ မှတ်ချက် တချို့ကတော့ အထီးကျန်နိုင်ငံကို ရည်ညွှန်း သတိပေးချက် အဖြစ်လည်း ရှုမြင်ရပါတယ်။

အပြစ်မဲ့သူတွေကို နိုင်စားချင်တဲ့ မင်းဆိုးမင်းညစ်တွေ၊ အာဏာရှင်တွေရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး အဖြစ် အမေရိကန် တပ်ဖွဲ့ဝင်တွေကို သမ္မတက ရည်ညွှန်း ပြောဆိုခဲ့တာပါ။ ယိုကိုတာ စခန်းမှာ မိန့်ခွန်းပြော အပြီးမှာတော့ သမ္မတက Marine One ရဟတ်ယာဉ်နဲ့ ၂၅ မိနစ်တာ ပျံသန်းပြီး တိုကျိုမြို့တော် အနီးက Kasumigaseki Country Club ကို သွားရောက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပွဲတော် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမယ့် အဲဒီဂေါက်ကွင်းမှာ အမေရိကန် သမ္မတကို ဂျပန် ဝန်ကြီးချုပ်က ကြိုဆိုခဲ့ပါတယ်။

ဂေါက်ကလပ်မှာ ခေါင်းဆောင်နှစ်ဦးတို့ နေ့လည်စာစားပြီး ဂျပန် ကြေးစား ဂေါက်သီး ကစားသမား Hideki Matsuyama နဲ့ အတူ ခေါင်းဆောင်နှစ်ဦးတို့ ဂေါက်ရိုက်ခဲ့ကြပါတယ်။ ဂေါက်သီးရိုက်ရင်း မြောက်ကိုရီးယား ကိစ္စ အနည်းအကျဉ်း ဆွေးနွေးခဲ့ကြကြောင်းလည်း တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ ညစာစားချိန်နဲ့ မနက်ဖြန် တနလာၤနေ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း ထပ်ပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။ ခရီးစဉ်နှောင်းပိုင်း ဖိလစ်ပိုင်နိုင်ငံမှာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ APEC အစည်းအဝေး တက်ရောက်တဲ့ အချိန်မှာလည်း ရုရှား သမ္မတ Vladimir Putin နဲ့ သီးခြား တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်းလည်း သမ္မတ Trump က ပြောဆိုထားပါတယ်။

ကန် သမ္မတ Trump ဂျပန်ရောက်ရှိ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG