အမေရိကန်အစိုးရ ယန္တရားတွေနောက်တကြိမ်ရပ်တန့်မယ့်အရေးကို ရှောင်ရှားနိုင်ဖို့နဲ့နယ်စပ်လုံခြုံရေးအခြေအနေတွေကို တိုးမြင့်ပြီးစီစဉ်နိုင်အောင် ဒီမိုကရက်နဲ့ရီပါဘလစ်ကန် လွှတ်တော်အမတ်တွေကြားမှာ သတိကြီးကြီးထားပြီးညှိနှိုင်းနေကြ တာ သဘောတူညီမှုတခုတော့ရရှိထားပါပြီ။ အခု သောကြာနေ့အထိ ခိုင်မာတဲ့သဘောတူညီမှုမရဘူးဆိုရင်၊ ဒါမှမဟုတ် ရရှိထားတဲ့သဘောတူညီမှုအပေါ် သမ္မတက လက်မခံဘူးဆိုရင် အစိုးရယန္တရားတွေ နောက်တကြိမ်ထပ်ပြီးရပ်ဆိုင်းမယ့် သဘောရှိနေတာပါ။ ဒီအကြောင်းVOA ရဲ့ အထက်လွှတ်တော်ဆိုင်ရာ သတင်းထောက် Michael Bowman ရဲ့ သတင်း ကို ကိုကျော်အောင်လွင်ပြောပြပါလိမ့်မယ်။
အမေရိကန်အထက်လွှတ်တော်နဲ့အောက်လွှတ်တော်အမတ်တွေအကြားမှာ နောက်တကြိမ်အစိုးရယန္တရားမရပ်တန့်ရေး ညှိနှိုင်းမှုတွေကို အပြင်းအထန်လုပ်နေကြတာပါ။ လောလောဆယ်မှာ အစိုးရယန္တရားလည်ပတ်ဖို့ချထားတဲ့အသုံးစရိတ်က အချိန်သုံးပတ်စာပဲရှိနေပြီး၊ အခုလာမယ့်သောကြာနေ့မှာမှ သဘောတူညီချက်မရနိုင်ဘူးဆိုရင် စနေနေ့ကစပြီး အစိုးရယ န္တရားတချို့ နောက်တကြိမ်ထပ်ပြီးရပ်ဆိုင်းတော့မှာပါ။ ဒါပေမဲ့လည်း သဘောတူညီမှုရရှိရေးကြိုးပမ်းချက်တွေက အခြေ အနေကောင်းတဲ့အကြောင်း မေရိလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Chris Van Hollenကပြောပါ တယ်။
"အခြေအနေတွေကြည့်ရတာက သဘောတူညီချက်ကို ကျနော်တို့နောက်ဆုံးပိတ်အချောသပ်နေတဲ့ပုံပါပဲ။ အစိုးရ ယန္တရားဆက်ပြီးလည်ပတ်နိုင်ရေးနဲ့ပတ်သက်ပြီး သတင်းကောင်းပဲဖြစ်လိမ့်မယ်ဆိုတာ ရှင်းပါတယ်။"
လောလောဆယ် တနင်္လာနေ့နှောင်းပိုင်းကရထားတဲ့သဘောတူညီချက်မှာ သမ္မတဒေါ်နလ်ထရမ့်လိုချင်နေတဲ့ မက္ကဆီ ကိုနယ်စပ်တံတိုင်းကာရံရေး အတွက်လည်းပါတယ်ဆိုပေမဲ့ သမ္မတတောင်းထားသလောက်တော့ မရပါဘူး။ သမ္မထရမ့်က ၅.၇ဘီလျှံလိုချင်တယ်ဆို ပေမဲ့ လွှတ်တော်အမတ်တွေအကြားရထားတဲ့သဘောတူညီချက်မှာက ၁.၃ဘီလျှံကျော်ကျော် ပဲရှိတာကြောင့် သမ္မတလိုချင်တာရဲ့ လေးပုံတပုံလောက်ပဲ လွှတ်တော်က ချပေးမယ့်သဘောပါ။
ဒီငွေပမာဏက ၈၈ကီလို မီတာရှည်လျှားတဲ့ နယ်စပ်တံတိုင်းအသစ်ကို ကာရံနိုင်မှာပါ။ အခုရထားတဲ့သဘော တူညီချက်ကို သမ္မတထရမ့်ကသိပ်ပြီး သဘောမကျနိုင်ပေမဲ့လည်း နောက်တကြိမ်အစိုးရယန္တရားတွေရပ်တန့်မယ့်အရေး ကိုလည်း သူက မလိုချင်ပါဘူး။ ပြီးခဲ့တဲ့ လတုန်းကပဲ အမေရိကန်သမိုင်းမှာ အကြာဆုံးအစိုးရယန္တရားတွေရပ်တန့်မှုဖြစ်ခဲ့ပြီး ပါပြီ။ စုစုပေါင်း၃၅ရက်ရပ် တန့်ခဲ့တာ ပါ။
သဘောတူညီမှုရခဲ့တဲ့အပေါ် အားရကျေနပ်မှုတွေဖြစ်မနေဘူးဆိုပေမဲ့လည်း နောက်တကြိမ်အစိုးရဌာနတွေ ပိတ်မယ့် အရေးကိုလည်း ကျနော်တို့ထပ်ပြီးမမြင်ချင်ပါဘူးလို့ မနေ့တုန်းကပဲ သမ္မတ ထရမ့်ကပြောခဲ့ပါတယ်။ နယ်စပ်မှာလော လောဆယ်ရှိနေပြီးသား တံတိုင်းလိုမျိုးကိုပဲ ထပ်ပြီးကာရံရေး အသုံးစရိတ်ချ ပေးမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ နယ်စပ်က နေ တရားမဝင်ရောက်လာသူတွေကိုထားဖို့ ကုတင်အရေ အတွက်တော် တော်များများကိုလျှော့ချဖို့သဘောတူညီချက်ရခဲ့ တဲ့အပေါ် တောင်ကယ်ရိုလိုင်းနားပြည်နယ် ရီပါဘလစ်ကန်အထက်လွှတ် တော်အမတ် Lindsey Graham က မကျေနပ် နိုင်ပါဘူး။
"အရင်တကြိမ်အစိုးရယန္တရားမရပ်ခင်တုန်းက နယ်စပ်လုံခြုံရေးအတွက်ပေးမယ်လို့ ဒီမိုကရက်တွေဘက်က ကမ်းလှမ်း ခဲ့တဲ့ ငွေကြေးပမာဏကိုပဲ အခုထပ်ပြီးပေးမယ်၊ တရားမဝင်ရောက်လာသူတွေထားတဲ့နေရာက ကုတင်အရေအတွက်ကို လည်း လျှော့ဦးမယ်ဆိုတော့ ဒီသဘောတူညီချက်ကို ကောင်းမွန်တဲ့သဘောတူညီချက်လို့ ကျနော်က မမြင်ပါဘူး"
နောက်ဆုံးမှာတော့ ဒီမိုကရက်တွေဘက်က နယ်စပ်ကာရံမှုအသစ်လုပ်ရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုတချို့ရှိလာ ခဲ့ပြီလို့ အထက်လွှတ်တော်ရီပါဘလစ်ကန် အမတ်အများစုခေါင်းဆောင် Mitch McConnellကပြောပါတယ်။
"သဘောတူညီချက်အပြည့်အစုံရေးသားထားတာကို အမြန်ဆုံးကျနော်သုံးသပ်ကြည့်ရှုသွားမှာပါ။ ဒါကိုခပ်မြန်မြန်နဲ့ အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်ဘက်က လုပ်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်"
နောက်တကြိမ်အစိုးရယန္တရားမရပ်တန့်ရေးမှာ အဓိကကျတဲ့ပုဂ္ဂိုလ်ကတော့ သမ္မတထရမ့်ပဲလို့ နယူးယောက်ပြည်နယ် ဒီမို ကရက်အထက်လွှတ်တော်အမတ် Chuck Schumer ကပြောပါတယ်။
"အခုရထားတဲ့သဘောတူညီချက်ကို လက်မှတ်ထိုးအတည်ပြုပေးဖို့ သမ္မတကိုကျနော် အခိုင်အမာတိုက်တွန်းပါတယ်။ ဒီသဘောတူညီချက်တွေမှာ ကိုယ်လိုချင်သလောက်အကုန်လုံး လူတိုင်းမရကြပါဘူး။ ဒါပေမဲ့ သမ္မတက ဒါကို လက်မှတ် ထိုးမှဖြစ်မှာပါ။ နောက်တကြိမ်အစိုးရယန္တရားရပ်တန့်မှု မဖြစ်ရအောင်လို့ပါ"
ဒီမိုကရက်ပါတီလွှတ်တော်အမတ်တွေနဲ့ သမ္မဒေါ်နလ်ထရမ့်တို့အကြား နယ်စပ်တတိုင်းကာရံရေးကိစ္စမှာ သဘောထား အကြီးအကျယ်ကွဲလွဲခဲ့ကြလို့ အစိုးရလုပ်ငန်းတော်တော်များများ အချိန်ငါးပတ်ကြာရပ်တန့်ခဲ့တာ ပြီးခဲ့တဲ့လတုန်းကပဲ အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီကာလအတွင်း သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေလစာမရပဲဖြစ်ခဲ့တာပါ။ အဲဒါကြောင့် ဒီအဖြစ် မျိုးထပ်မကြုံရအောင် သမ္မတဘက်ကရော၊ ပါတီ၂ရပ်လုံးကလွှတ်တော်အမတ်တွေကပါ သတိထားပြီးလုပ်ဆောင်နေကြ ပါတယ်။ သမ္မတထရမ့်ကလည်း လွှတ်တော်အမတ်တွေအကြားရရှိထားတဲ့ သဘောတူညီချက်ကိုပြန်ပြီးသုံးသပ်နေတယ် လို့ဆိုပါတယ်။