(Zawgyi / Unicode)
COVID-19 ကူးစက်ခံရတာ တပတ်ကျော်ကြာလာချိန်မှာ အမေရိကန်သမ္မတ Donald Trump က သူဟာ ဘာဆေးမှ ဆက်သောက်စရာ မလိုတော့ဘဲ ကျန်းမာရေးအခြေနေ သိပ်ကောင်းကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဆိုးဝါးတဲ့ တရုတ်ဗိုင်းရပ်စ်ပိုးကို သူ အောင်နိုင်ပြီဖြစ်ကြောင်း Fox သတင်းဌာန မေးမြန်းခန်းမှာ သမ္မတက တယ်လီဖုန်းနဲ့ ဖြေကြားခဲ့တာဖြစ်ပြီး ဒီပိုးအတွက် သူခံနိုင်ရည်ရှိသွားပုံရပြီး ဒါဟာ တာရှည်ဖြစ်စေ တခဏဖြစ်စေ တသက်လုံးအတွက်ဖြစ်စေ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာပါ။
ဆေးရုံမှာ ၄ ရက်ကြာ ကုသမှုခံယူခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတအိမ်ဖြူကို ပြန်ရောက်လာတဲ့ သမ္မတမှာ ဒီရောဂါပိုး မရှိတော့ကြောင်း စမ်းသပ်ထားတဲ့ အဖြေရမရတော့ Fox သတင်းဌာနက Maria Bartiromo က မမေးခဲ့ပါဘူး။
ရုပ်သံမေးမြန်းခန်း ထုတ်လွှင့်ပြီး သိပ်မကြာခင်မှာပဲ သမ္မတက သူ့ကို ဆေးကုဖို့ မလိုတော့ကြောင်း အိမ်ဖြူတော်ဆရာဝန်တွေက မနေ့က ပြောခဲ့တယ်လို့ သူ့တွစ်တာကနေ ရေးခဲ့သလို ဒါဟာ သူ့ကို ဒီရောဂါပိုး မကူးနိုင်တော့သလို သူများကိုလည်း မကူးစက်စေနိုင်တော့ဘူးလို့ ဆိုလိုကြောင်း မှားယွင်းစွာ ကောက်ချက်ချထားတာလည်း တွေ့ရပါတယ်။
ဒီရေးသားချက်ဟာ COVID-19 အတွက် မှားယွင်းတဲ့ အချက်လက် ပြန့်ပွားမှု ဖြစ်စေတာကြောင့် တွစ်တာစည်းမျဉ်း ချိုးဖောက်ကြောင်း နောက်ပိုင်းမှာ တွစ်တာက ဖြေရှင်းချက် ရေးသားဖော်ပြခဲ့တာပါ။
သမ္မတဟာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ CDC ဌာနက လက်ရှိသတ်မှတ်ထားတဲ့ သီးခြားခွဲနေဖို့ မလိုတော့တဲ့ စိတ်ချရတဲ့အဆင့်မှာ ရှိနေပြီဖြစ်ပြီး လက်ရှိသတ်မှတ်ထားတဲ့ စံတွေအရလည်း သူကနေ တခြားသူတွေကို ကူးစက်နိုင်တဲ့အဆင့်မျိုး မဟုတ်တော့ဘူးလို့ သမ္မတရဲ့ သမားတော်ကြီး Dr. Sean Conley က စနေနေ့ညမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သမ္မတ Trump မှာ ၂၄ နာရီကျော် အဖျားမရှိတော့သလို စမ်းသပ်စစ်ဆေးချက်တွေအရလည်း သမ္မတမှာ ဗိုင်းရပ်စ်ပိုး ဆက်ပွားနေမှု မရှိတော့ကြောင်းလည်း ပြောပါတယ်။
ရွေးကောက်ပွဲက နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတော့မှာမို့ သမ္မတ Trump ကတော့ အိမ်ဖြူတော်မှာ စနေနေ့က သူ့ကိုထောက်ခံသူတွေနဲ့ နိုင်ငံရေးစုဝေးပွဲ ကျင်းပခဲ့သလို တနင်္လာနေ့ကစပြီး သူ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ဖလော်ရီဒါ၊ Pennsylvania နဲ့ Iowa ပြည်နယ်တွေမှာ ကြီးမားတဲ့ လူထုစုဝေးပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။
-----------------------
(Unicode)