တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက်ကလွဲပြီး၊ ကျန်နေသေးတဲ့ သန်းခေါင်စာရင်းအချက်အလက်တွေကို ဒီနှစ်ကုန်ပိုင်း ထုတ်ပြန်သွားမယ်လို့ ဗဟိုသန်းခေါင်းစာရင်းကော်မရှင်အတွင်းရေးမှုး ဦးမြင့်ကြိုင်က ပြောလိုက်ပါတယ်။ ဒီအထဲမှာတော့ အလုပ်အကိုင်ဆိုင်ရာအချက်အလက်တွေနဲ့ ဘာသာ ကိုးကွယ်မှုဆိုင်ရာအချက်အလက်တွေပါ ပါဝင်မှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
၂၀၁၅ မေလတုန်းက ထုတ်ပြန်ခဲ့တဲ့ ပင်မသန်းခေါင်စာရင်းအစီရင်ခံစာမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ လူဦးရေတိုးနှုန်း၊ မြို့ပြ နဲ့ကျေးလက်နေ လူဦးရေ၊ ကျား မ ဦးရေ၊ လူဦးရေအချိုး ပိရမစ်၊ ကလေးမွေးဖွားနှုန်းနဲ့သေဆုံးသူဦးရေ စတဲ့အချက် အလက်တွေကို အသေးစိတ်ဖော်ပြထားခဲ့တာပါ။ ဒီမှာ ကျန်နေတဲ့ အပိုင်းတွေနဲ့ပတ်သတ်ပြီး ထုတ်ပြန်မယ့် ထုတ်ပြန်မှုအပေါ် သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ခုလိုပြောပြပါတယ်။
“ကျန်တဲ့အချက်အလက်တွေနဲ့ ပက်သက်လို့ ဒီအောက်တိုဘာ ၂၂၊ ၂၃ မှာ နိုင်ငံတကာ အကြံပေးကော်မတီတွေနဲ့ အစည်းအဝေးတွေလုပ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ အားလုံးထွက်လာနိုင်မယ့်အနေအထားရှိနိုင်မယ်ထင်ပါတယ်။ လောလောဆယ်အားဖြင့် အစည်းအဝေးခေါ်ပြီးတော့ အတည်ပြုနိုင်အောင်လို့ မျိုးနွယ် စာရင်းတွေထွက်လာအောင်လို့ လောလောဆယ် နိုင်ငံတကာ အကြံပေးအဖွဲ့တွေနဲ့ တောက်လျှောက် အလုပ်လုပ်နေတယ်။ ဒီ နှစ်ကုန်ပိုင်းလောက်မှာ ဘာသာရေး၊ ဘာသာတို့ လုပ်ငန်းတို့ အလုပ်အကိုင်တို့ကတော့ ထွက်မယ်။ တိုင်းရင်းသားတွေကတော့ အစည်းအဝေးခေါ်ယူပြီးတော့ အစည်းအဝေးတွေပြီးမှပဲ၊ တိုင်းရင်းသားတွေနဲ့ ညှိနှိူင်းပြီးမှ ပဲထွက်မယ်။”
မကြာမှီထုတ်ပြန်မယ့် ထုတ်ပြန်ချက်မှာ တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက်တွေ မပါသေးတာနဲ့ ပတ်သတ်ပြီးသူက ခုလိုပြောပြပါသေးတယ်။
“ဘာလို့ဆိုတော့ တိုင်းရင်းသားတွေက ကျနော်တို့ဆီမှာ ၁၃၅ မျိုးပဲရှိတယ်လေ။ ဘာကြောင့်လဲဆိုတော့ သူတို့ အမျိုးနာမည်တွေခွဲတော့ တချို့ကလည်း သတ်ပုံ ၊သတ်ညွှန်းတွေ နာမည်တွေကအစ လုံး၀ ကွဲလွဲသွားတဲ့အတွက်ကြောင့် အဲဒါတွေကို တခုခြင်း ပြန်စစ်နေရပါတယ်။ ဒီ နှစ်ကုန်ပိုင်းလောက်မှာတော့ ထွက်မယ်။ သိပြီးမှာ ကျနော်တို့ အစည်းအဝေးခေါ်နိုင်မယ်။ တိုင်းရင်းသားကတော့ နောက်ဆုံးမှ ထွက်မယ်ထင်တယ်။ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ်တွေ၊ နောက်ဒီဖက်က သမိုင်းပညာရှင်တွေ ၊ ယဉ်ကျေးမှု ပညာရှင်တွေ ၊ဒီအဖွဲ့အစည်း ပညာရှင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးပြီးမှ ထုတ်ပြန်မှာပါ။ တိုင်းရင်းသားတွေအားလုံးနဲ့ ညှိနှိူင်းပြီးမှ ထွက်မယ်ခင်ဗျာ”
ထုတ်ပြန်ပြီးတဲ့ ပင်မသန်းခေါင်စာရင်း ထုတ်ပြန်ပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေး ပုဂ္ဂိုလ် ကလည်း နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံး အကြိမ် ပြန်လည် ကောက်ခံ တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ခြင်း အပေါ် ချီးကျူးထားခဲ့သေးပါတယ်။
မကြာခင်ထုတ်ပြန်မယ့် တတိယ အဆင့် အသေးစိတ်ထုတ်ပြန်မှုမှာ ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ ဝင်ငွေရရှိရန် လုပ်ကိုင်သည့် လုပ်ငန်းကဏ္ဍ အပြင် အသေးစိတ် အချက်အလက် အစီရင်ခံစာတွေကိုပါ ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
တတိယအဆင့် အသေးစိတ် အစီရင်ခံစာမှာ ထုတ်ပြန်ထားတဲ့ ပင်မသန်းခေါင်စာရင်း အပေါ် အခြေခံတဲ့ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအလိုက်ဆိုင်ရာ သုံးသပ်ချက်များ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအပြင် ကောက်ခံခဲ့တဲ့ ပင်မသန်းခေါင်စာရင်းတွင် ဖော်ပြ ထားတဲ့ ကိန်းဂဏန်းတွေနဲ့ ကောက်ခံသည့် ပုံစံ၊ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေမှာ ဘယ်လောက်အထိ ယုံကြည်နိုင်မယ်မလဲ ဘယ်လောက်အထိ စစ်မှန်တယ်ဆိုတာကိုပါ ဆန်းစစ်လေ့လာ တင်ပြသွား မယ် လို့ ဗဟို သန်းခေါင်စာရင်း ကော်မရှင်ကပြောပါတယ်။
ဝင်ငွေရရှိဖို့ လုပ်ကိုင်တဲ့ လုပ်ငန်းကဏ္ဍ ဆိုတာကတော့ အသက်မွေးဝမ်းကျောင်း အတွက် လုပ်ကိုင်တဲ့လုပ်ငန်းကို ဆိုလိုတယ်လို့ ဗဟို သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောပါတယ်။ ဒီအတွက် သက်ဆိုင်ရာ စက်မှုလုပ်ငန်း လုပ်ငန်း ရှင်တွေနဲ့ သက်ဆိုင်ရာ ပညာရှင်တွေ အကူအညီနဲ့ စစ်ဆေးပြီး ကဏ္ဍတခုချင်းဆီ အလိုက် အတည်ပြုချက် ယူထားတယ် လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမှုမှာ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးကောက်ယူနိုင်ခဲ့တာဖြစ်ပြီး ပထမအဆင့် ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၁၄ခုနှစ်သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမှာ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေစာရင်းဖြစ်တဲ့ လူဦး ရေစုစုပေါင်း ၅၁ ဒသမ ၄ သန်းကျော် ကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။
ဒုတိယ အဆင့် ပင်မ သန်းခေါင်စာရင်း ထုတ်ပြန်မှုကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ပင်မသန်းခေါင် စာရင်း ကောက်ယူခဲ့မှုမှာ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်ဒေသအချို့မှာ စာရင်းမကောက်ယူနိုင်တဲ့အတွက် လူဦးရေ (၂) ရာခိုင်နှုန်းဟာ ခန့်မှန်းချက်အနေနဲ့သာရှိခဲ့ပါတယ်။ ဒါကြောင့်မို့ သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစုစုပေါင်း (၅၁) သန်းခွဲမှာ ခန့်မှန်းတဲ့လူဦးရေ တသန်းနှစ်သိန်းကျော်လည်း ပါဝင်ပါတယ်ရှင်။