တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တို့ကြား ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပါတ်သက်လို့ နိုင်ငံတကာ ခုံသမာဓိ အဖွဲ့က ဒီကနေ့ ဂျူလိုင်လ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။
Netherlands နိုင်ငံ The Hague မြို့မှာ အခြေစိုက်တဲ့ နိုင်ငံတွေကြား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ PCA က အဆုံးအဖြတ် ပေးမဲ့ ဆုံးဖြတ်ချက် ကနေ အငြင်းပွားနေတဲ့ ရေပြင် ပိုင်နက်တွေကို ဘယ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကမ္ဘာ့ရေကြောင်း သွားလာရေးမှာ အရေးအပါဆုံး ရေလမ်းကြောင်း တခုရဲ့ နေရာ တော်တော်များများကို သူပိုင်တယ်လို့ ပြောနေတဲ့ တရုတ်နိုင်ငံအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ် ထဲမှာ ဖိလစ်ပိုင်၊ Brunei, Malaysia, Vietnam နဲ့ Taiwan တို့ ပိုင်ဆိုင်တယ် လို့ ပြောနေတဲ့ ရေပိုင်နက် တွေကို တရုတ်ကလဲ သူပိုင်တယ်လို့ ပြောဆိုနေတာပါ။
ဒါကြောင့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် UNCLOS နဲ့ အညီ ဆုံးဖြတ်ပေးဖို့ အတွက် ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ PCA ခုံသမာဓိ အဖွဲ့ကို တင်ပြခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ UNCLOS သဘောတူညီချက်ကို လက်မှတ်ထိုးထားပေမဲ့ ဒီသဘောတူညီချက် အရ ခုံသမာဓိ ရုံးရဲ့ ဆောင်ရွက်ချက်တွေထဲမှာ ပါဝင်စရာ မလိုသလို လက်ခံစရာ အကြောင်းလဲ မရှိဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။