ချင်းပြည်နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ပြီး ၂ ဖက်ထိခိုက်ကျဆုံးမှု ကြီးမားခဲ့ပေမယ့် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်လို့ မကွေးတိုင်း မြစ်ခြေမြို့မှာ ရွာသားတဦး သေဆုံးခဲ့ရသလို စစ်ကိုင်းတိုင်း အင်းတော်မြို့မှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံး တာတွေရှိနေပါတယ်။ ချင်းပြည်နယ် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဒီကနေ့ အခြေအနေ သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က စုစည်းတင်ပြပေးပါမယ်။
ချင်းပြည်နယ် တီးတိန်မြို့၊ ကနေဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ် တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲတခုဖြစ်တဲ့ PDF – Zoland က နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက စလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ၂ နာရီ နီးပါး တိုက်ခိုက်ပြီးတဲ့နောက် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးမှုနဲ့ ထွက်ပြေးသွားသူတွေလည်းရှိ နေသလို ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးခဲ့ပါတယ်။ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ PDF – Zoland တာဝန်ရှိသူ တဦးက VOA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဒီမနက် ၄ နာရီကနေစပြီးတော့မှ စတင်တိုက်ခိုက်ခဲ့တယ်။ ပြီးရင် ၆ နာရီ မထိုးခင်မှာ ကျွန်တော်တို့ စခန်းကုန်းကို သိမ်းနိုင်တယ်။(စခန်းက) ဒီမှာတော့ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေအတွက် တော်တော်လေး အနှောက်ယှက်ဖြစ်တာပေါ့နော်။ ထောက်ပို့လမ်းကြောင်းကို။ စကစ ဘက်ကနေ ၂ ယောက်သေတယ် တယောက် သုံ့ပန် ဖမ်းတယ်။ ကျန်တဲ့သူကတော့ ထွက်ပြေးကြတယ်။ ကျွန်တော်တို့ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ကို လှူဒါန်းသွားတာပေါ့နော်။ ရဲဘော်တယောက်ကျသွားတယ်။ (သိမ်းဆည်းတာက) ကျွန်တော်တို့လက်နက်ငယ် ၁၀ လက်ကျော်နဲ့ ခဲယမ်းတွေပေါ့။”
ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံး တောင်ဖြစ်တဲ့ ကနေဒီတောင်မှာ စစ်တပ်က အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ တီတိန်မြို့နယ်ထဲမှာ စစ်တပ်ဟာ ၃ နေရာထက်မနည်း တပ်စွဲထားပြီး ဒီစခန်းသိမ်းပိုက်တာဟာ တီးတိန်မြို့ရဲ့ ပထမဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲမှာတော့ မြစ်ခြေမြို့အမှတ် (၅) ရပ်ကွက်မှာရှိတဲ့ မြင်းမွေးမြူရေးတပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် အိုင်ကြီးကျေးရွာက အသက် ၃၀ ကျော် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
မြင်းမွေးမြူရေးတပ်နဲ့ အိုင်ကြီးကျေးရွာဟာ ၁ မိုင်ခွဲနီးပါး ကွာဝေးပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀ ရက် ညပိုင်းကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သဇင်ကျေးရွာမှာ ကလေးငယ်တွေအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၄ နာရီလောက်ကပါ။ ဘီပီအိုင်က လက်နက်ကြီးနဲ့လှမ်းပစ်တာ ကျွန်တော်တို့ ပြည်သူတယောက် ခိုင်မာချိုဆိုတဲ့ ကလေးမတယောက်ကို လက်နက်ကြီးတည့်မှန်သွားပြီးတော့ ဒီနေ့သေဆုံးတယ်။ လက်နက်ကြီးနဲ့ ၂ ချက်ပစ်တာ ၂ ချက်လုံးမှန်ပြီးတော့ အလောင်းကိုသယ်ခဲ့တဲ့အချိန်မှာ မျက်နှာ ထုတ်ချင်းပေါက်ဒဏ်ရာလည်းရတယ်။ ခါးတွေရင်ဘတ်တွေလည်း စုတ်ပြတ်သတ်လို့ မိန်းကလေးက သူ့ယာခင်းသူလုပ်နေတာ။ သူတို့က သောက်ပြီးရင် မူးရင်လျှောက်ပစ်တာ။ မနေ့ကလည်း သဇင်ဘက်မှာ ည ၁၁ နာရီလောက်လှမ်းပစ်တာ။ အဲ့ရွာကိုလှမ်းပစ်တော့ ကလေး ၂ ယောက်နဲ့ ပြည်သူ ၄ ယောက်ထိတယ်။ ၆ ယောက်ထိတယ်။”
အဲ့ဒီမြင်းမွေးမြူရေး တပ်စခန်းကို အခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တုန်းကလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က သေဆုံးမှုရှိခဲ့သလို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ စစ်တပ်ဟာ ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းမှုတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတာပါ။ စစ်တပ်ပြန်သွားချိန်မှ ကျေးရွာတွေထဲ ပြန်လည် ဝင်ရောက်နေထိုင်ချိန်မှာ အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတွေ ထိမှန်နေတာလည်း ဖြစ်ပါတယ်။ ဒါက ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက အခြေအနေပါ။
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ လည်း နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စစ်တပ်ဘက်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းက ပစ်ခတ်လို့ အရပ်သားတွေထိခိုက်သေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့ခံတဦးက ပြောပါတယ်။
“နဘားဘက်ကို သူတို့လေကြောင်းနဲ့လာပစ်တယ်ခင်ဗျ။ ပြည်သူ ၃ ယောက်လောက်ကတော့ တော်တော်ပြင်းထန်တဲ့ ဒဏ်ရာရှိတယ်။ ၃ ကြိမ် ၄ ကြိမ်လောက် လေကြောင်းကနေပဲ သေနတ်တွေနဲ့လည်း ပစ်တယ်လေ အဲ့လိုတော့ရှိတယ်။ တိုက်ပွဲမရှိဘူး။ ဖြစ်လာတဲ့အချိန်ပိုင်းကို ဒီတိုင်းပဲ သူတို့ပစ်လာသလို ဖြစ်တာပေါ့ဗျာ။ အဲ့လိုပုံစံမျိုးပေါ့။ မနေ့ကတုန်းက ၄ ကြိမ် တနေ့တုန်းက ၁၉ ရက်နေ့ကပေါ့။ ၃ ကြိမ်လောက် သူတို့လာပစ်တယ်။”
အင်းတော် သတင်းတွေကို ဖော်ပြပေးနေတဲ့ Indaw Revolution (IR) လူမှုကွန်ယက် စာမျက်နှာ မှာတော့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မန္တလေး မြစ်ကြီးနား လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်နိုင်တဲ့အတွက် စစ်တပ်ဘက်က ပိတ်ဆို့ တားဆီးမှုတွေ လုပ်နေသလို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လည်း ပိတ်ဆို့ထားတာပါ။ ဒါကြောင့် ဒေသတွင်း အသွားအလာ ပိတ်နေပြီး စက်သုံးဆီကားတွေ၊ ကုန်ကားတွေ မသွားနိုင်ပဲ ဓာတ်ဆီဈေးရော၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေပါ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။