[[Zawgyi/Unicode]]
စစ်ရေးတင်းမာနေတဲ့ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွါးနေသလို နေအိမ်တွေမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ မီးလောင်မှုအခြေအနေ အတိအကျမသိရသေးပေမယ့် စစ်ကောင်စီတပ်ဘက်က မီးရှို့တာလို့ ဒေသခံတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ မင်းတပ်မြို့နယ်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်ဘက်က စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့အတွင်း ဒီနေ့ မေလ (၂၃) ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး နေအိမ်တွေလည်း မီးရှို့ခံ ရတယ်လို့ စစ်ရှောင်မြို့ခံတဦးက ပြောပါတယ်။
"မီးခိုးလုံးတွေပေါ့နော်။ ဒီမနက်ပိုင်းမှာ၊ နေ့လယ်ပိုင်းကော မီးခိုးလုံးတွေတော်တော်တက်တယ်။ အဲဒါ မီးလောင်တယ်နဲ့တူတယ်။ တိုက်ပွဲဖြစ်တာနဲ့ တူပါတယ်။ တိုက်ပွဲဖြစ်ပြီးမှ စစ်ကောင်စီအဖွဲ့တွေက လူနေအိမ်တွေကို ရမ်းသန်းပြီးမှ လက်နက်ကြီးတွေနဲ့ပစ်။ နောက် လူကိုယ်တိုင်သွားပြီး မီးရှို့ပေါ့နော်။ အဲဒီလိုမျိုးပဲ လုပ်နေကျဆိုတော့လေ။"
ထန်တလန်မြို့အတွင်း တိုက်ပွဲဟာ ညနေပိုင်းအထိ ပြင်းထန်ဖြစ်ပွါးနေပေမယ့် ထိခိုက်မှုကို မသိရသေးသလို နေအိမ် ဘယ်လောက် မီးလောင်သွားတယ်ဆိုတာကိုလဲ မသိရသေးဘူးလို့ CDF - Thantlang ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထန်တလန်မြို့ ဒီနေ့ မေလ ၂၃ ရက်အထိ မီးရှို့တာအပါအဝင် မီးလောင်ကျွမ်းခဲ့တာ (၂၈) ကြိမ်မြောက်ရှိပြီဖြစ်ပြီး စုစုပေါင်း အိမ်ခြေ (၁,၀၀၀) ကျော် မီးရှို့ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲ စဖြစ်ချိန်ကစလို့ ထန်တလန်မြို့တွင်းမှာ လူအားလုံးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင် ထန်တလန်မြို့ခံတွေရဲ့အခြေအနေကိုတော့ အဆိုပါမြို့ခံကပဲ အခုလို ဆက်ပြောပါတယ်။
"ထန်တလန်မြို့ပေါ်မှာကျတော့ ကျနော်တို့ ပြည်သူလူထုကမရှိတော့ဘူးလေ။ မနှစ် စက်တင် ဘာလလောက်က ဒီမှာ ထန်တလန်မြို့ပေါ်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးက အနီးနားမှာရှိတဲ့ရွာတွေ မီဇိုရမ်ပေါ့နော်။ စစ်ဘေးရှောင်ဘဝနဲ့ပြေးကြတာအခုဆိုရင် (၇) လကျော် (၈) လ ထဲ ရောက်နေပြီလေ။ ထန်တလန်မြို့ကိုလည်း အရမ်းကို သတိရနေပြီလေ။ ထန်တလန်မြို့ပေါ်မှာ ပြည်သူလူထု တယောက်မှ မရှိတော့ဘူး။ အဲဒီစစ်ကောင်စီအဖွဲ့တွေပဲ ရှိတာ။”
ထန်တလန်မြို့ခံတသောင်းကျော်ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေ၊ ထန်တလန်မြို့နဲ့ (၁၀) မိုင်အကွာမှာရှိတဲ့ စစ်ရှောင်စခန်းနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ တိမ်းရှောင်နေကြရပါတယ်။
ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွါးတာမရှိပေမယ့် စစ်ကောင်စီတပ်က ဒီနေ့ မနက်မှာ လက်နက်ကြီးနဲ့ အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာသား ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်ဒေသခံ တဦးက ပြောပါတယ်။
"မဒပ်ကျေးရွာကို စကခတွေ လက်နက်ကြီးနဲ့လှမ်းထုတာ ကလေးတယောက်တော့ ခြေထောက်နဲ့လက်မှာ ဒဏ်ရာ ကြီးကြီးမားမားရသွားတယ်။"
လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တဦး ခြေထောက် ပြတ်သွားပြီး ဒဏ်ရာရကလေးငယ်ကို မင်းတပ်မြို့ကတဆင့် မန္တလေးဆေးရုံကို အရေးပေါ်ပို့ ဆောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့စနေနေ့ကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းမှာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat ဘက်က သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။
ထန်တလန်နဲ့ မင်းတပ်မြို့နယ်ဘက် ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုသိရှိဖို့ စစ်ကောင် စီ ပြောခွင့်ရကို ဆက်သွယ် ခဲ့ပေမယ့် မရခဲ့ပါဘူး။ ချင်းပြည်နယ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက တပ်နောက်ဆုတ်သွားခဲ့ပေမယ့် ဒေသခံစစ်ရှောင်အများစုက နေရပ်မပြန်နိုင်ကြသေးပါဘူး။
အထူးသဖြင့် ပျူစောထီးအဖွဲ့တွေ အင်အားကောင်းတဲ့ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကျန်ရှိနေသေးလို့ လုံခြုံရေးအရစိတ်မချရလို့ မပြန်သေးဘူးလို့ တင်သားကျေးရွာ ဒေသခံ ကိုဖိုးလုံးက ပြောပါတယ်။
"မပြန်နိုင်သေးပါဘူးဗျာ။ စစ်ကြောင်းကထွက်ပေမယ့်လည်း ကျနော်တို့ ရေရှင် အလယ်တန်း ရှားတောဖိုရွာက တောင်ဘက်မှာပျူရွာ (ပျူစောထီး) တွေနဲ့ကပ်နေလို့လေ။ သူတို့လက်နက်ကြီးနဲ့လှမ်းပစ်တော့မီတဲ့ရွာတွေဆိုတော့ ပြန်မနေရဲတော့တာ။ တခြား ဒီအလယ်ရွာကျတဲ့ ကျောက်ဖူးဘုန်းကြီးကျောင်းရယ်၊ ဒိုးနွယ်ဘုန်းကြီးကျောင်းရယ် တောတောင်ထဲမှာနေတာတွေရော စစ်ရှောငစခန်းတွေဆောက်ထားတာ အဲဒီမှာပဲ နေနေတာ။"
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတဲ့ ကလေးမြို့နယ်တောင်ပိုင်းဒေသက ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ တင်သား၊ အရှေ့စည်း၊ နတ်ချောင်း၊ ရှားဖို အစရှိတဲ့ ရွာ (၉) ရွာ မီးရှို့ခံရပြီးအိမ်ခြေ (၂,၀၀၀) လောက် မီလောင်ကျွမ်းခဲ့ပါတယ်။
ဒေသခံရွာသား နှစ်သောင်းလောက်ဟာ တောတောင်တွေထဲမှာ ယာယီနေသူတွေရှိသလို နီးစပ်ရာဆွေမျိုးသားချင်း ရွာတွေ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိပါတယ်။
စစ်ဘေးရှောင်နေရတာ အချိန်ကြာလာတာနဲ့အမျှ အကူအညီရဖို့ ပိုပြီး ခက်ခဲလာနေပြီး စားဝတ်နေရေးအပိုင်းမှာ ခက်ခဲလာနေတယ်လို့ စစ်ဘေးရှောင်ရွာသားတွေကပြောပါတယ်။
===========
[[Unicode]]
============