ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ နည်းပြတဦးပေါင်း ၁၃ ဦး ကို ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးအဖဲ့ွတွေက ကျောက် တောင်ပေါ်ကနေ ဂူပေါက်တွေကို လိုက်လံ ရှာဖွေခဲ့ ရာမှာ သောကြာနေ့က ကလေးတွေနဲ့ အနီးဆုံးလို့ယူဆရတဲ့ ဂူပေါက်တခုကိုတွေရတယ်လို့ ဆိုပါတယ်။ အဲဒီ ဂူပေါက်ကနေ အောက် ရေရှိတဲ့နေရာကို တွေရတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ပါရှိပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမယ်ဆိုင်မြို့က လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ကလေးတွေကို ကယ်ဆယ်ဖို့ နည်း လမ်းတွေကို ထိုင်း အစိုးရနဲ့ ရေတပ်အပါအဝင် တနိုင်ငံလုံးက တာဝန်ရှိသူက ကြိုးစား ရှာဖွေခဲ့ရာမှာ သောကြာနေ့ကတော့ ကလေးတွေရှိတဲ့ နေရာနဲ့ မီတာ ၄၀၀ ကျော် ၅၀၀ ခန့်အနီးက ဂူပေါက်တခုကို ရှာတွေ့ခဲ့တယ် လို့ထိုင်း နိုင်ငံသားတဦးက ပြောပြပါတယ်။
“အဲဒီဥစ္စာက သူတို့တွေ့သွားတယ်ပေါ့နော်။ အဲဒီ အပေါက်က ကလေးတွေနေတဲ့ ကုန်း ကနေ နည်းနည်း ကျော် သွားတယ်ပေါ့နော်။ အဝေးကတော့ ဘယ်လာက်လဲဆိုတော့ ၄၀၀ ကနေ ၅၀၀ မစ်(မီတာ) အဝေးပေါ့။ ကလေး တွေနေတဲ့ ကုန်းနေရာထိပေါ့။ အဲဒီကနေ ပြန် သွားရသေးတယ်။ ၄၀၀ ကနေ ၅၀၀ မီတာထိ ပြန်သွားရအုံးမယ်။ သူတို့ခန့်မှန်းတာက ဂူပေါက်က ကလေးတွေနဲ့အနီးဆုံးပေါ့။ ရှာတွေနေတဲ့ ဂူအပေါက်က ၁၀၀ လောက်ရှိနေပြီ။ ဒါပေမဲ့ ဂူအပေါက်ရှိပြီး သူလည်းဝင်သွားမရတာတို့၊ ဘာတို့ဖြစ်နေတာပေါ့ လောလော ဆယ် တွေ့တဲ့ဂူက ကလေးတွေ နေရာနဲ့ အနီးဆုံးဖြစ်တယ်။ နောက် အဲဒီအပေါက်ဝမှာ လည်း ကြည့်လိုက်တော့ နေနဲ့ အဲဒီ ရေ နဲ့ အလင်းတွေ့တယ်ပေါ့။ မြင်တွေ့တယ်ပေါ့။ ကလေးတွေကို ကူညီဖို့အတွက် ဖြစ်နိုင်တယ်ပေါ့နော်။ အနီးဆုံး နေရာမှာ သူတို့ ကြည့် လိုက်တာ ဂူအပေါ်ကနေကြည့်လိုက်တာ။ သူတို့ရေတွေ့တယ်။ ဂူအပေါက်ဝမှာ ရေတွေ့ တယ်။ ဘာဖြစ်လိ့ုလဲဆိုတော့ လူတယောက်စာလောက်ပဲ ဝင်လို့ရတယ်ပေါ့ နော်။ သူတို့ စိတ်ထဲမှာတော့ အဲဒီ ဂူ အဲဒီနေရာမှာ ဖောက်ရင်ဖြစ်နိုင်တယ်ပေါ့။”
ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖဲ့ွ ရဲဗိုလ်ချုပ်ကြီး မစ္စတာ Suchart ဦးဆောင်တဲ့အဖွဲ့ဟာ နန်း နနွမ် ကျောက်တောင်ပေါ်က ဂူပေါက်တွေကိုရှာဖွေရာကနေ အခုနောက်ဆုံးတွေ့သွားတဲ့ ဂူပေါက်က ကလေးတွေရှိတဲ့နေရာနဲ့ အနီးဆုံး ရောက်နိုင်တဲ့ဂူပေါက်ကိုတွေ့နေပြီဆိုတဲ့ အကြောင်း ထိုင်းသတင်းတခုဖြစ်တဲ့ Riew Hot News သတင်းမှာလည်း ရေးသား ထားပါတယ်။
ဒီနေ့မှာတော့ လှိုဏ်ဂူထဲမှာပိတ်မိနေတဲ့ကလေးတွေက သူတို့ကို စိတ်မပူဖို့ အတွက် မိသားစုတွေထံကိုလည်း စာရေးအကြောင်းကြားခဲ့ကြောင်း ထိုင်းရေတပ်က ထုတ်ဖော် ပြောဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘောလုံး အသင်း နည်းပြဖြစ်သူက အသက် အကြီးဆုံးဖြစ်တဲ့အတွက် သူဟာ ကလေးတွေ ဂူထဲဝင်မှာကို မတားဆီးနိုင်ခဲ့ တာကြောင့် ကလေးတွေရဲ့ မိဘတွေကို တောင်းပန်ခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
Thai National Parks ရဲ့ ဒါရိုက်တာကလည်း ကလေးတွေကို ကယ်ဆယ်နိုင်ရေးအတွက် ဂူပေါက်ကို တူးဖော်နေမှုတွေ လုပ်နေတယ်လို့ပြောကြားကြောင်းကိုလည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
ဇွန်လ ၂၃ ရက်နေ့ကတည်းကနေ ဝင်သွားပြီးကတည်းက ပြန်ထွက်လို့မရတဲ့ တောဝက် ဘောလုံးအသင်း ၁၃ ယောက်ပျောက်ဆုံးနေမှုကို ၉ ရက်ခန့်အကြာမှာ ပြန်တွေ့ခဲ့ပေမဲ့ သူတို့ကယ်ဆယ်ဖို့အတွက်က မိုးများပြီး ရာသီ ဥတုဆိုးဝါးနေတာကြောင့် လှိုဏ်ဂူထဲက ရေတွေကို ဖြတ်ပြီးသွားဖို့ အခက်အခဲတွေရှိနေတာပါ။ အခုဆိုရင် လှိုဏ်ဂူထဲမှာ အောက်စီဂျင် နည်းလာပြီမို့နည်းပြဆရာလေးနဲ့ ကလေး ၂ ဦး ကျန်းမာရေးထိခိုက် လာနေ တဲ့ အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ကတော့ ကယ်ဆယ်ရေးလုပ်နေတဲ့ ရေတပ်တပ်ကြပ်ကြီးတဦးဟာ လှိုဏ်ဂူထဲမှာ ရေငုပ်ရင်း အောက်စီဂျင်ပြတ်လပ်ပြီး သတိမေ့ရာကနေ သေဆုံးသွားခဲ့ပါ တယ်။ သူရဲ့ဈာပနကို ဇူလိုင်လ ၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် အခက်အခဲကတော့ ရာသီဥတု အခြေအနေတွေကြောင့် ဖြစ်ပြီး ဂူထဲကိုဝင်တဲ့ရေတွေကို စုတ်ထုတ်နိုင်တဲ့အားနဲ့မမျှဖြစ်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာ မိုးများနိုင်တယ်လို့ ထိုင်း မိုးလေဝသနဲ့ဇလဗေဒကလည်း ထုတ်ပြန်ထားပါတယ်ရှင်။